မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ ရဲကင်းစခန်းတစ်ခုကို ဇူလိုင်လ ၂၂ ရက်နေ့က မွန်/ကရင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Mon State Federal Council – MSFC က သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုမှာ ဇူလိုင်လ ၂၂ ရက်၊ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ၁၀ မိနစ်ခန့်အကြာတွင် မဟာမိတ်တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးနှင့် တပ်သား ၃ ဦး သေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း MSFC က ဆိုသည်။
သို့ရာတွင် အဆိုပါတိုက်ပွဲဖြစ်စဥ်နှင့် ထိခိုက်ကျဆုံးသတင်းကို စစ်ကောင်စီက သတင်းရေးသားသည်ကို မတွေ့ရပေ။
ထိုတိုက်ခိုက်မှုကို မွန်ပြည်နယ်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၇)၊ တပ်ခွဲ (၁) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



































