ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် ယနေ့ဖြစ်ပွားခဲ့သော တိုက်ပွဲများအပြီး တစ်ဖက်နိုင်ငံမှ အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ထိုင်းနိုင်ငံသား ၉ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တော်ဝင်ထိုင်းကြည်းတပ်က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် လူသားချင်းစာနာမှုကင်းမဲ့သည့် လုပ်ရပ်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် လိုအပ်သည့် စစ်ရေးဆိုင်ရာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြည်းတပ်က ပြင်းထန်စွာ ရှုတ်ချပြောကြားခဲ့သည်။
တိုက်ပွဲများသည် ယနေ့နံနက်ပိုင်းတွင် ဆူရင်ခရိုင်ရှိ ထိုင်းစစ်စခန်းတစ်ခုကို တစ်ဖက်မှ စတင်ပစ်ခတ်ရာမှ စတင်ခဲ့ပြီးနောက် စီစကေ့၊ ဆူရင်၊ ဥဘွန်ရတ်ချာဌာနီနှင့် ဘူရီရမ် ခရိုင်များရှိ အရပ်သားကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စီစကေ့ခရိုင်တွင် ထိခိုက်မှုအများဆုံးဖြစ်ပြီး ၆ ဦးသေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဆူရင်ခရိုင်တွင်မူ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ဥဘွန်ရတ်ချာဌာနီခရိုင်တွင် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် နေရာအများအပြားတွင် နေအိမ်များနှင့် မွေးမြူရေးတိရစ္ဆာန်များလည်း ပျက်စီးဆုံးရှုံးခဲ့သည်။
တော်ဝင်ထိုင်းကြည်းတပ်သည် အရပ်သားများအား တိုက်ခိုက်သည့် မည်သည့်လုပ်ရပ်ကိုမဆို လက်သင့်ခံမည်မဟုတ်ဘဲ ပြည်သူများ၏ လုံခြုံရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

















































