ကရင်ပြည်နယ်က ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို စစ်တပ်က အင်အားထပ်ဖြည့်ပြီး မနေ့က ဇူလိုင် ၂၄ ရက်နေ့မှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။
KNU-PDF ပူးပေါင်းတပ်တွေဟာ ဘားအံ-ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအပါအဝင် ကျုံဒိုးနဲ့ ကော့ကရိတ်မြို့တွေကို သိမ်းဖို့အတွက် ဧပြီလ ၁၃ ရက်နေ့ကတည်းက လူအင်အားအများကြီးနဲ့ လမ်းကြောင်း ၅ ကြောင်းခွဲပြီး ဝင်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလမ်းကြောင်းတွေကတော့ အောက်ဘိုတဲ-ရန်ကုတ်-ကော့ကရိတ်၊ အောက်ဘိုတဲ-မြပတိုင်-အုန်းတပင်-အင်းကြီး-ကျုံဒိုး、 ဓိကလုံ-နောင်တမံ-တာဝါလဲ-နွားခြံကုန်း-ကျုံဒိုး、 တောင်ကြာအင်း-မြောက်ကြာအင်း-ကိုးတိုင်-ငါးတိုင်-လေးတိုင် နဲ့ စက္ကဝက်-အောင်လှိုင်-တမိုင်ကုန်း-ကော့ကရိတ် လမ်းကြောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
KNU-PDF ပူးပေါင်းတပ်တွေက အဲ့ဒီလမ်းကြောင်းတွေကနေတစ်ဆင့် ဝင်လာပြီး ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ပိတ်ဆို့ခဲ့ပါတယ်။ ပြီးတော့ ကျုံဒိုးနဲ့ ကော့ကရိတ်မြို့တွေကို အပြင်းအထန် ဝင်တိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီနောက်မှာ တိုက်ပွဲကြီး ၇ ကြိမ်၊ ထိတွေ့တိုက်ပွဲငယ် ၈၅ ကြိမ် ဖြစ်ခဲ့ပြီးနောက် ဇူလိုင် ၂၄ ရက်နေ့မှာတော့ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း လက်နက်မျိုးစုံ အလက် ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် မြဝတီကနေတစ်ဆင့် အာရှလမ်းမကြီးကို အရင်လို ပုံမှန်ပြန်ဖွင့်နိုင်ဖို့အတွက် ကျန်နေသေးတဲ့ လမ်းပိုင်းတွေကို အမြန်ဆုံး ရှင်းလင်းသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။




ကော့ကရိတ်မြို့ဟာ ဘားအံ-မြဝတီ ကားလမ်းမကြီးပေါ်မှာရှိပြီး စီးပွားရေးအရ အချက်အချာကျတဲ့မြို့တစ်မြို့ပါ။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နဲ့ဆိုရင် ၄၁ မိုင်ပဲ ကွာပြီး ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါတဲ့ အာရှလမ်းမကြီးပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မြဝတီ၊ ဘားအံ၊ မော်လမြိုင်နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းဆုံမြို့ဖြစ်လို့ လမ်းပန်းဆက်သွယ်ရေးလည်း အရမ်းကောင်းတဲ့နေရာတစ်ခု ဖြစ်ပါတယ်။




































