ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့နယ်အတွင်းသို့ မြန်မာနိုင်ငံဘုရားသုံးဆူမြို့ဘက်မှ အခွန်ရှောင်စီးကရက်များကို မှောင်ခိုသယ်ဆောင်လာသူ မြန်မာနိုင်ငံသားတစ်ဦးကို ဇူလိုင် ၂၁ ရက်နေ့တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးမှုမှာ စံခလပူရီမြို့နယ်၊ ဂျပန်ရေတွင်းရွာအနီး သဘာဝလမ်းကြောင်းတလျှောက်တွင် ကန်ချနပူရီလိုင်စင်နံပါတ် (ขนก 761) ဖြင့် မောင်းနှင်လာသော ဘေးတွဲဆိုင်ကယ်တစ်စီးကို စစ်ဆေးခဲ့ရာမှ ဖြစ်သည်။
အဆိုပါဆိုင်ကယ်မောင်းသူမှာ အသက် ၂၀ အရွယ် မြန်မာနိုင်ငံသား မောင်အော့စ် (မျိုးရိုးနာမည်မသိ) ဖြစ်ပြီး၊ သူထံမှ စီးကရက်ထုတ် ၂,၀၀၀ ကို ဖမ်းဆီးမိခဲ့သည်။ ထိုစီးကရက်များအား အပြာရောင်မိုးကာစဖြင့် ဖုံးအုပ်ထားခဲ့သည်ဟု ဆိုသည်။
ထိုင်းအာဏာပိုင်အဆိုအရ စီးကရက်များတွင် ယစ်မျိုးခွန်နှိုင်းယှဉ်ဒဏ်ငွေတန်ဖိုးက ဘတ်ငွေ ၁.၈ သန်းကျော် (မြန်မာငွေတန်ဖိုးအားဖြင့် သိန်း ၂၅၀၀ ခန့်) ရှိကြောင်းဖော်ပြသည်။
ထိုင်းအာဏာပိုင်များ စစ်ဆေးမေးမြန်းခဲ့ရာ စံခလပူရီမြို့နယ်၊ ဘုရားသုံးဆူမြို့ဈေးအနီးသို့ ဤစီးကရက်များကို ပို့ဆောင်ပေးရန် ငှားရမ်းခံထားခဲ့သည်ဟု မောင်အော့စ်က ဝန်ခံထွက်ဆိုခဲ့ကြောင်း ထိုင်းသတင်းက ရေးသားသည်။
လုံခြုံရေးအရာရှိများက ဖမ်းဆီးရရှိသော သက်သေခံပစ္စည်းများနှင့်အတူ မောင်အော့စ်အား စံခလပူရီမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး၊ ဥပဒေနဲ့အညီ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သိရသည်။








































