တအာင်းတပ်ဖွဲ့ TNLA ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များက ဈေးရပ်ကွက်အပါအဝင် မြို့ပေါ်ဌာနဆိုင်ရာများအား ဇူလိုင် ၁၅ ရက်နေ့က ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
တောင်ခမ်းမှတက်လာသော တပ်မ ၁၁၊ တပ်မ ၅၅ စစ်ကြောင်းများသည် ဇူလိုင် ၁၃ ရက်တွင် တောင်ရပ်ကွက်၊ ပါဟတ်ရပ်ကွက်တို့ကို သိမ်းပိုက်ပြီးနောက် ဈေးရပ်ကွက်နှင့် မြို့ပေါ်နေရာအများစုကို ဇူလိုင် ၁၅ ရက်တွင် ထိန်းချုပ်နိုင်ခဲ့သည်။
ဒေသခံတစ်ဦးက “ဈေးရပ်ကွက် သိမ်းတာနဲ့တပြိုင်နက် တစ်မြို့လုံး သိမ်းလိုက်ပြီလို့ ပြောလို့ရတယ်” ဟု ဆိုသည်။
ယနေ့ (ဇူလိုင် ၁၆) တွင် စစ်တပ်က မြို့မြောက်ဘက်အခြမ်းတွင် ဆက်လက်ရောက်ရှိလာပြီး နောင်ချိုရပ်ကွက်ခြောက်ခုဖြစ်သည့် တောင်၊ ပါဟတ်၊ ဈေး၊ နားရှိုး၊ ဘူတာနှင့် သပြေရေးရပ်ကွက်တို့အနက် ပါဟတ်၊ တောင်နှင့် ဈေးရပ်ကွက်များအား စစ်တပ်က ထိန်းချုပ်သွားပြီဖြစ်သည်။
တအာင်းတပ် TNLA နှင့် မဟာမိတ်တပ်များက မြို့အတွင်းသို့ဝင်လာသော စစ်တပ်နှင့် ဆက်လက် တိုက်ပွဲများ ပြင်းထန်စွာ ဆင်နွှဲနေကြသည်။
“အခုထိ ပစ်နေတုန်းပဲ၊ ရွာသားတွေ ဝင်လို့မရတော့ဘူး” ဟု သတင်းအရင်းအမြစ်များက ပြောသည်။
စစ်တပ်လော်ဘီမီဒီယာများတွင်လည်း နောင်ချိုမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာအဆောက်အအုံများအား သိမ်းပိုက်ပြီး မြို့အပြည့်အစုံကို ထိန်းချုပ်နိုင်ပြီဟု ထုတ်ဖော်ထားသည်။ TNLA ထောက်ပံ့သူများကိုလည်း ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
ပြင်ဦးလွင်မှ တက်လာသော စစ်တပ်သည်လည်း ဇူလိုင် ၁၃ ရက်တွင် နောင်ချိုနှင့် လေးမိုင်အကွာရှိ ကျောက်ကြမ်းရွာကို သိမ်းထားပြီး ဆက်လက် ထိုးစစ်ဆင်နေသည်။ ထိုဒေသရှိ ခမရ ၁၁၄၊ ၁၁၅ တပ်ရင်းများအား သိမ်းပိုက်နိုင်ပါက နောင်ချိုမြို့နယ်လုံးကို ထိန်းချုပ်နိုင်မည်ဟု သုံးသပ်သူများက ဆိုသည်။
၂၀၂၄ ဇူလိုင်တွင် TNLA ထိန်းချုပ်ခဲ့သော နောင်ချိုမြို့ကို ပြန်ရရန် စစ်ကောင်စီက ၂၀၂၅ ဖေဖော်ဝါရီမှ စတင်၍ တောင်ခမ်းနှင့် ပြင်ဦးလွင်မှ ထိုးစစ်ဆင်ခဲ့သည်။
အနောက်တိုင်းသတင်းသမားများနှင့် လူ့အခွင့်အရေးအဖွဲ့များကလည်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးနှစ်ဦးအပါအဝင် သေဆုံးသူ ၁၇ ဦး၊ ဒဏ်ရာရသူ ၅၄ ဦးရှိကြောင်း သတင်းများ ရေးသားကြသည်။
Photo – Telegram







































