ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှ ရဲတပ်ဖွဲ့သည် ချူချစ်ဓမ္မာရုံကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ဟောင်းနှင့် ငွေကြေးလွှဲပြောင်းမှု ဆက်စပ်နေသည်ကို တွေ့ရှိပြီးနောက် ‘ဆီကာဂေါ့ဖ်’ အား ဇိမ်ခံအိမ်တစ်လုံးတွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ဆရာတော်ဟောင်းက ကျောင်းပိုင်ငွေ ဘတ် ၃ သိန်း ၈ သောင်းကျော်ကို သူမထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ CIB ၏ ဒုတိယကော်မရှင်နာမင်းကြီးက ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းရန် ပြင်ဆင်လျက်ရှိသည်။
ယနေ့ ဇူလိုင်လ ၁၅ ရက်၊ နေ့လယ် ၁:၃၀ နာရီတွင် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို ဒုတိယကော်မရှင်နာမင်းကြီး (CIB ဒု-ကော်မရှင်နာမင်းကြီး) ရဲချုပ်၊ အဂတိလိုက်စားမှုတားဆီးနှိမ်နင်းရေးဌာန (ACD) မှူး ရဲချုပ်နှင့် အစိုးရကဏ္ဍ အဂတိလိုက်စားမှု တားဆီးရေးကော်မရှင် (PACC) ၏ ယာယီဒုတိယအတွင်းရေးမှူးချုပ် ရဲမှူးကြီးတို့ ဦးဆောင်သောအဖွဲ့သည် ဗဟိုအဂတိလိုက်စားမှုနှင့် မလျော်သြဇာသုံးမှုဆိုင်ရာ ရာဇဝတ်တရားရုံး၏ ဖမ်းဝရမ်းဖြင့် အသက် ၃၅ နှစ်အရွယ် ‘ဆီကာဂေါ့ဖ်’ ဟုလည်းခေါ်သော မစ္စ ဝိလာဝမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ဤဖမ်းဆီးမှုအား နွန်ထဘူရီခရိုင်ရှိ ဇိမ်ခံအိမ်ရာတစ်ခုမှ နေအိမ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အရာရှိများက ဖရာနခွန်စီအယုဒ္ဓယခရိုင်၊ ချူချစ်ဓမ္မာရုံကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်ဟောင်းဖြစ်သူ အတိတ်ဖရာထေ့ပ်ဖတ်ချရာဖွန်၏ ငွေကြေးလွှဲပြောင်းမှုကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးချက်များအရ ကျောင်း၏ဘဏ်စာအုပ်မှ ငွေပမာဏ ဘတ် ၃၈၀,၀၀၀ ကို မစ္စ ဝိလာဝမ်ထံ လွှဲပြောင်းခဲ့ကြောင်း တွေ့ရှိခဲ့သည်။
မစ္စ ဝိလာဝမ် သို့မဟုတ် ဆီကာဂေါ့ဖ်အား အစိုးရဝန်ထမ်းအား တာဝန်ဝတ္တရား မလျော်ကန်စွာဆောင်ရွက်ရန် အားပေးကူညီမှု (ပုဒ်မ ၁၄၇)၊ ငွေကြေးခဝါချမှုတွင် ပူးပေါင်းပါဝင်မှု၊ ငွေကြေးခဝါချရန် ပူးပေါင်းကြံစည်မှု၊ ခိုးရာပါ ပစ္စည်း လက်ခံမှုတို့ဖြင့် အမှုဖွင့်၍ ထိန်းသိမ်းထားပြီး ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ဌာနချုပ်သို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။
ဓာတ်ပုံနှင့် သတင်းရင်းမြစ် – Daily News Online




































