ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ စံခလပူရီခရိုင် နယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ဆမွတ်ဆခွန်ပြည်နယ်သို့ အလုပ်လုပ်ရန် သွားရောက်ကြမည့် မြန်မာနိုင်ငံသား အလုပ်သမား ၂၀ ဦးကို တင်ဆောင်လာသည့် ကား ၂ စီးအား ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ယနေ့ထုတ်ပြန်သော သတင်းများအရ သိရသည်။
စံခလပူရီမြို့နယ် နယ်စပ်ဒေသမှ မြန်မာအလုပ်သမားများကို ကားများဖြင့် ပြည်နယ်အတွင်းပိုင်းသို့ တင်ဆောင်လာသည်ကို သတင်းပေးတစ်ဦးထံမှ သတင်းပေးချက်အရ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ထမောင်းခရိုင်၊ ဆဲန်ချူတိုလမ်းမကြီးပေါ်၌ အဖြူရောင်နှင့် မီးခိုးရောင် တိုယိုတာ ရီဗို (Toyota Revo) ပစ်ကပ်ကား ၂ စီးကို တွေ့ရှိ၍ ကန်ချနပူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခဲ့သည်။
စစ်ဆေးမှုများအရ ကားတစ်စီးလျှင် မြန်မာအလုပ်သမား ၁၀ ဦးစီဖြင့် အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၂၀ ဦးကို ကျပ်ကျပ်တည်းတည်း တင်ဆောင်လာသည်ကို တွေ့ရှိခဲ့သည်။
ယာဉ်မောင်းများဖြစ်သည့် အသက် ၄၂ နှစ်အရွယ် မစ္စတာမေး နှင့် အသက် ၄၅ နှစ်အရွယ် မစ္စတာဆွန်ပေါင် တို့ကိုလည်း အလုပ်သမားများနှင့်အတူ ဖမ်းဆီးခဲ့ပြီး မော်တော်ယာဉ်များကို သက်သေအဖြစ် သိမ်းဆည်းခဲ့သည်။
ယာဉ်မောင်းနှစ်ဦး၏ ဝန်ခံထွက်ဆိုချက်အရ ၎င်းတို့သည် စံခလပူရီခရိုင်ရှိ တောရကျောင်းတစ်ခုအနီးမှ အလုပ်သမားများကို တင်ဆောင်လာရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၇,၀၀၀ ဖြင့် ငှားရမ်းခံခဲ့ရပြီး ဆမွတ်ဆခွန်ပြည်နယ်သို့ ပို့ဆောင်ရန်ဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသည့် မြန်မာအလုပ်သမားများကလည်း ဆမွတ်ဆခွန်ပြည်နယ်တွင် အလုပ်လုပ်ကိုင်ရန်အတွက် နယ်စပ်မှ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ခရီးဆုံးပန်းတိုင်သို့ ရောက်ရှိပါက ပွဲစားအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၉,၀၀၀ ပေးချေရမည်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
လက်ရှိတွင် ယာဉ်မောင်းနှစ်ဦးအား “တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးခြင်းမှ လွတ်မြောက်စေရန် အားပေးကူညီမှု၊ ပုန်းအောင်းစေမှု” ပုဒ်မဖြင့်လည်းကောင်း၊ မြန်မာအလုပ်သမား ၂၀ ဦးကို “ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းသို့ ဝင်ရောက် နေထိုင်မှု” ပုဒ်မဖြင့်လည်းကောင်း သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကန်ချနပူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနအနေဖြင့် တရားမဝင် ဝင်ရောက်မှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တင်းကျပ်စွာ စစ်ဆေးအရေးယူလျက်ရှိသည်။
Crd- CaoCao







































