နယ်မြေမြို့ရွာပေါင်းများစွာ လက်လွှတ်ဆုံးရှုံးခဲ့တဲ့ မြန်မာစစ်တပ်ဟာ ခုနောက်ပိုင်းမှာတော့ ထိုးစစ်တွေကို ပြန်လည်အရှိန်မြှင့်လာတာ တွေ့ရပါတယ်။
အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နဲ့ ကယားပြည်နယ်က မိုးဗြဲမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်မှာတော့ “စစ်တပ်က ဘယ်ဒေသတွေကို ဦးစားပေးပြီး ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာနိုင်မလဲ” ဆိုတဲ့ မေးခွန်းဟာ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေကြားမှာ အဓိက စိတ်ဝင်စားစရာအဖြစ် ရှိနေပါတယ်။
ဒီအခြေအနေကို သုံးသပ်ကြည့်တဲ့အခါ စစ်တပ်ရဲ့ ဦးစားပေးဟာ စီးပွားရေးနဲ့ မဟာဗျူဟာကျတဲ့ လမ်းကြောင်းတွေပေါ်မှာ အဓိကတည်နေတာကို တွေ့နိုင်ပါတယ်။
ဦးစားပေး (၁) – နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ
စစ်တပ်အတွက် အဓိက အသက်သွေးကြောတစ်ခုဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ၊ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့ လမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်ဖို့ အပူတပြင်း လုပ်ဆောင်လာနိုင်ပါတယ်။
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဒီအချက်ကို ထောက်ပြထားပါတယ်။
“သေချာတာကတော့ အနည်းဆုံး အခုသွားနေတဲ့ လမ်းကြောင်းအရဆိုရင်
နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်ဖို့ဆိုရင် ပြင်ဦးလွင်၊ လားရှိုးပြီးတော့ အဲဒီလမ်းကြောင်းတစ်လျှောက်ပေါ့။ အဲဒီလမ်းကြောင်းမှာတော့ လမ်းကြောင်းပြန်ဖွင့်ဖို့နဲ့ နောက်ပိုင်း တချို့သော အရေးကြီးနယ်မြေတွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အဲဒါကတော့ ဆက်လုပ်မယ့် အစီအစဉ်ထဲမှာ ပါပါလိမ့်မယ်။”
သူ့ရဲ့ သုံးသပ်ချက်အရ တရုတ်နိုင်ငံကလည်း နယ်စပ်တည်ငြိမ်ရေးနဲ့ ကုန်သွယ်မှုပြန်စတင်နိုင်ရေးကို တွန်းအားပေးနေတာကြောင့် ဒီလမ်းကြောင်းတွေကို တည်ငြိမ်အောင်လုပ်ဖို့ စစ်တပ်မှာ တာဝန်ရှိလာတယ်ဆိုတဲ့ သဘောပါပဲ။
ဒါကြောင့်မို့ နောင်ချိုကို ပြန်သိမ်းပြီးတဲ့နောက်မှာ ကျောက်မဲ၊ သီပေါ စတဲ့ မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးပေါ်က မြို့တွေကို ဆက်တိုက်ထိုးစစ်ဆင်လာဖို့ အလားအလာ အလွန်များနေပါတယ်။
ဦးစားပေး (၂) – လက်ရှိတိုက်ပွဲပြင်းထန်နေသော ဒေသများ
လက်ရှိမှာ စစ်တပ်က အင်အားအများဆုံးသုံးပြီး ထိုးစစ်ဆင်နေတဲ့ နေရာတွေကလည်း သူတို့ရဲ့ ဦးစားပေးတွေကို ဖော်ပြနေပါတယ်။
တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောရဲ့အမြင်မှာတော့ တအာင်း(TNLA) ထိန်းချုပ်ဒေသတွေနဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသတွေဟာ စစ်တပ်ရဲ့ အဓိကပစ်မှတ်တွေ ဖြစ်နေပါတယ်။
“အခု သူလုပ်နေတာ တအာင်းဒေသတို့နော်၊ မြောက်ပိုင်း ဗန်းမော်တို့ ဘာတို့မှာလည်း သူလုပ်နေတာပဲ။ … ဆိုတော့ အဲဒီနေရာတွေမှာတော့ ပိုပြီးတော့ ပြင်းထန်လာနိုင်ပါတယ်။”
ဒေါက်တာလှကျော်ဇောက စစ်တပ်မှာ လေကြောင်းနဲ့ လက်နက်ကြီးအင်အား သာလွန်ချက်ရှိတာကိုလည်း ထောက်ပြထားပါတယ်။
လက်တွေ့မှာလည်း စစ်တပ်ဟာ နောင်ချိုကို ပြန်လည်သိမ်းယူရာမှာ မြေပြင်တပ်တွေထက် လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေကို အဓိကအားကိုးခဲ့တာ ထင်ရှားပါတယ်။
ဒါကြောင့် ဗန်းမော်လို မဟာဗျူဟာကျတဲ့မြို့ကို KIA လက်ထဲ လုံးဝမကျသွားရေးအတွက် အပြင်းအထန် ခုခံတိုက်ခိုက်နေသလို၊ TNLA နဲ့ နိုင်ငံရေးအရ အကြိတ်အနယ် ညှိနှိုင်းနေရချိန်မှာ စစ်ရေးအရပါ ဖိအားပေးဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။
ဘာကြောင့် စစ်တပ်က အခုလို ထိုးစစ်တွေ ပြန်လုပ်လာနိုင်တာလဲ။ ဒီအပေါ်မှာ
တော့ အမြင်နှစ်ခု ကွဲပြားနေပါတယ်။
တစ်ဖက်မှာ ဒေါက်တာလှကျော်ဇောက စစ်တပ်ဟာ နှစ်ပေါင်း ၇၀ ကျော် အုပ်ချုပ်လာခဲ့တဲ့ အဖွဲ့အစည်းဖြစ်လို့ အလွယ်တကူ နောက်ဆုတ်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“တော်ရုံနဲ့တော့ သူတို့လည်း နောက်ဆုတ်မယ် မထင်ဘူး။ သူတို့က နှစ်ပေါင်း ၇၀ အုပ်ချုပ်လာတဲ့လူတွေ။ အဲဒီတော့ သူတို့မှာ ကျမတို့ထက်စာရင် အများကြီး အချက်အလက်တွေရှိတယ်။ အခြေခံ အဆောက်အအုံတွေရှိတယ်။ ဒါကြောင့်မို့လို့ လုပ်နိုင်တာ။”
ဒီအချက်က စစ်တပ်ဟာ ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်ရဖို့ ဘယ်လောက်အတိုင်းအတာအထိ လုပ်ဆောင်သွားမလဲဆိုတာကို ညွှန်ပြနေပါတယ်။
နောက်တစ်ဖက်မှာတော့ ဦးသိန်းထွန်းဦးက စစ်တပ်ဟာ အရင်က နိုင်ငံရေးနည်းလမ်းကို ဦးစားပေးခဲ့ရာကနေ အခုအခါမှာ စစ်ရေးနဲ့ နိုင်ငံရေးလမ်းကြောင်းနှစ်ခုကို ဟန်ချက်ညီညီ ပြန်လည်ကိုင်တွယ်လာတာကြောင့် အရေးသာမှုတွေ ပြန်ရလာတာလို့ ဆိုပါတယ်။
“အခုအချိန်မှာတော့ နိုင်ငံရေးလမ်းကြောင်း သွားနေတာက တစ်ပိုင်း၊ စစ်ရေးအရ ပြန်လည်ပြီး လိုအပ်တဲ့ ဖြည့်စွက်တာတွေလုပ်တာ။ ပြောရရင်တော့ လမ်းကြောင်း နှစ်ခုပေါ့။ သူ့ဖြစ်သင့် ဖြစ်ထိုက်တဲ့ လမ်းကြောင်းအတိုင်း သွားနေတဲ့အတွက်ကြောင့် ဆက်တိုက် စစ်ရေး အရေးသာမှုတွေ ပြန်ရလာတယ်လို့ သုံးသပ်ပါတယ်။”
ဒီအချက်တွေအားလုံးကို ခြုံငုံသုံးသပ်ရရင် မြန်မာစစ်တပ်ဟာ လာမယ့်ရွေးကောက်ပွဲ မတိုင်ခင်မှာ သူတို့အတွက် မရှိမဖြစ်အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်ဖို့ အဓိကကြိုးပမ်းလာပါလိမ့်မယ်။
ဒီအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းဟာ သူတို့ရဲ့ အဓိက စစ်မျက်နှာ ဖြစ်လာနိုင်ပြီး နောင်ချိုပြီးရင် ကျောက်မဲ၊ သီပေါမြို့တွေဟာ နောက်ထပ်ပစ်မှတ်တွေ ဖြစ်လာနိုင်ပါတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ဗန်းမော်လို မဟာဗျူဟာကျမြို့ကြီးတွေ မကျဆုံးရေးအတွက်လည်း လေကြောင်းနဲ့ လက်နက်ကြီးအသာစီးကိုသုံးပြီး အပြင်းအထန် ခုခံတိုက်ခိုက်သွားဖွယ် ရှိနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ(PDFs) ဟာ ယခင်က မြို့သိမ်း တိုက်ပွဲတွေကို ရက်ပိုင်းအတွင်း ဖော်ဆောင်နိုင်ကြသော်လည်း နောက်ပိုင်းမှာ လနဲ့ချီလာတဲ့အထိ ဆက်လက်မသိမ်းနိုင်ခဲ့သလို နှစ်နဲ့ချီပြီး မြို့သိမ်းတိုက်ပွဲတွေ ကြာလာနိုင်တာမို့ ရေရှည်မှာ တိုက်ခိုက်ရေး စွမ်းရည်တွေ ကျဆင်းလာနိုင်တယ်လို့လည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြတာကို တင်ပြလိုက်ရပါတယ်။





































