မွန်ပြည်နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် တစ်ခုတည်းသောမြို့နယ်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု အားနည်းနေသည့် ရေးမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဇူလိုင်လ ၁၂ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်ခတ်ခံရသူမှာ ဒူးယားကျေးရွာနေ အသက် (၅၀) နှစ်ခန့်ရှိ ပြည်သူ့စစ်အဖွဲ့ဝင် ဦးကရင် (ဒေသအခေါ်) ဖြစ်သည်။ ၎င်းသည် ဇူလိုင်လ (၁၂) ရက် မွန်းလွဲပိုင်းတွင် ဒူးယားကျေးရွာမှ ရေးမြို့သို့ ဆိုင်ကယ်ဖြင့်လာစဉ် အဘော်-ဒူးယား လမ်းပိုင်း၌ အမည်မသိ သေနတ်သမားနှစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူက အရင်က လက်နက်ကိုင်အဖွဲ့တစ်ခုမှာ တပ်သားဟောင်းလို့ သိရတယ်။ နောက်ပိုင်းမှ ကျေးရွာပြည်သူ့စစ် ဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။
အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဘော်-ဒူးယား လမ်းပိုင်းကို ပိတ်ဆို့စစ်ဆေးခဲ့ပြီး ဦးကရင်၏ ရုပ်အလောင်းကို လူမှုကူညီရေးအဖွဲ့က ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် မိသားစုဝင်များက ဒူးယားကျေးရွာသုဿာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
ဦးကရင်အား ပစ်ခတ်ခဲ့သူများမှာ မွန်ဘာသာစကားပြော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခု ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြို့နယ်သည် မွန်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ၊ လုပ်ကြံသတ်ဖြတ်မှုများနှင့် တိုက်ခိုက်မှုများ အများဆုံးဖြစ်ပွားနေသည့် မြို့နယ်တစ်ခု




































