မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တွင် ဥက္ကဋ္ဌ ရာထူးမှ ထုတ်ပယ်ခံရကြောင်း ကြေညာခံခဲ့ရသည့် ဒေါက်တာသီရိမွန်ချမ်းက ၎င်းဦးဆောင်သော နိုင်ငံရေး-စစ်ရေးဦးဆောင်ကော်မတီနှင့် စစ်ဦးစီးအဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ လုပ်ရပ်သည် ဇူလိုင် ၁၀ ရက်နေ့က MSDF ၏ တရားဝင် Facebook စာမျက်နှာတွင် ဒေါက်တာသီရိမွန်ချမ်းကို တာဝန်မှရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၎င်းထုတ်ပယ်ခံရမှုနှင့် ပတ်သက်၍ ဒေါက်တာသီရိမွန်ချမ်းက အတွင်းရေးမှူး နိုင်ကိုသူ ဦးဆောင်သော “တပ်တွင်းပုန်ကန်မှု” နှင့် “အာဏာသိမ်းမှု” ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားထားသည်။
ယခုအခါ ဒေါက်တာသီရိမွန်ချမ်းက ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူကာ အောက်ပါပုဂ္ဂိုလ်များဖြင့် ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည်ဟု ကြေညာခဲ့သည်။
နိုင်ငံရေး-စစ်ရေးဦးဆောင်ကော်မတီ
၁။ ဒေါက်တာသီရိမွန်ချမ်း (ဥက္ကဋ္ဌ၊ စစ်ဦးစီးချုပ်)
၂။ နိုင်ကရက်မနိက် (အတွင်းရေးမှူး)
၃။ ဒုဗိုလ်မှူးကြီး နိုင်ငွေ (အဖွဲ့ဝင်)
၄။ ဗိုလ်မှူးချမ်းတုံး (တပ်ခွဲချမ်းသိမ်း)
၅။ ဗိုလ်ကြီး အောင်စိုးမိုး (အဖွဲ့ဝင်)
၆။ မိနဒီချမ်း (ဘဏ္ဍရေးမှူး)
၇။ မိစန္ဒာနွန် (ပြည်သူ့ဆက်ဆံရေးတာဝန်ခံ)
ဒေါက်တာသီရိမွန်ချမ်း၏ အဖွဲ့သည် “MSDF – Mon State Defense Force (Central)” အမည်ဖြင့် Facebook စာမျက်နှာအသစ်တစ်ခုလည်း ဖွင့်လှစ်ထားကြောင်း သိရသည်။
၎င်းက မူလ MSDF စာမျက်နှာကို ထိန်းချုပ်နိုင်ခြင်းမရှိတော့သော်လည်း စစ်ရေးအာဏာမှာ သူ့ထံတွင်သာရှိပြီး လက်အောက်ခံတပ်များကို အမိန့်ပေးထားကြောင်းလည်း ဆိုသည်။




































