ကြိုတင်မဲခေတ်မှသည် MEVM ခေတ်သို့၊ အလိမ်အညာတွင် ကျွန်ုပ်တို့ ဘယ်သောအခါမှ နောက်မကျ။
အို… ဂုဏ်ယူဖွယ်ကောင်းလိုက်လေခြင်း။ ကျွန်ုပ်တို့၏ အမိမြန်မာနိုင်ငံတော်ကြီးသည် နောက်ဆုံးတွင်တော့ ၂၁ ရာစု၏ ဒီဂျစ်တယ်လှိုင်းလုံးကြီးပေါ်သို့ ခုန်တက်နိုင်ခဲ့လေပြီ။
မည်သည့်နယ်ပယ်တွင် ဟုတ်ပါသနည်းဟု မမေးလေနှင့်။ ခေတ်အဆက်ဆက် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချလာခဲ့သည့် “မဲရလဒ် အင်ဂျင်နီယာပညာ” တွင် ဖြစ်လေသည်။
တစ်ချိန်က ကျွန်ုပ်တို့သည် “ကြိုတင်မဲ” ဟူသော လက်နက်ဖြင့် အလိုရှိရာရလဒ်ကို ဖန်တီးခဲ့ကြသည်။
မဲပုံးထဲသို့ မဲပြားများ အစုလိုက်အပြုံလိုက် ထည့်သွင်းခြင်းသည် ရိုးစင်းသော်လည်း ထိရောက်သော အနုပညာတစ်ရပ် ဖြစ်ခဲ့သည်။ သို့သော် ထိုခေတ်က အလိမ်အညာမှာ “Analog” စနစ်ဖြစ်နေသေးသည်။ မဲပြားအတုများ၊ မသင်္ကာဖွယ် မဲပုံးများက သက်သေအဖြစ် ကျန်ရစ်တတ်သေးသည်။
ယခုမူ… “မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)” ဟူသော ‘မြန်မာ့နည်း မြန်မာ့ဟန်’ အဆင့်မြင့်နည်းပညာဖြင့် ပြန်လည်မွေးဖွားလာခဲ့ပြီ။
ဤသည်မှာ မဲလိမ်ခြင်း Version 4.0 ဖြစ်သည်။ NLD က မဲလိမ်သည်ဟု စက္ကူမဲပြားများကိုင်ကာ အော်ဟစ်ခဲ့သူများကပင် ယခုအခါ စက္ကူမလို၊ သက်သေမကျန်သည့် အဆင့်မြင့်နည်းပညာကို ဂုဏ်ယူစွာ မိတ်ဆက်နေကြသည်မှာ အံ့မခန်း နိုင်လှသော မျက်နှာပြောင်တိုက်မှုပင်တည်း။
သင်တန်းတက် ကျောင်းဆရာမများ၏ ပြောကြားချက်အရ ဤစက်သည် သာမန်မဲပေးစက်မဟုတ်။ “ရလဒ်ဖန်တီးစက်” ဟုခေါ်လျှင် ပိုမှန်မည်။ ဖွဲ့စည်းပုံမှာ အလွန်ရှင်းသည်။
ဆန္ဒပြုစက် (Ballot Unit – BU): ဤသည်မှာ ပြည်သူများအတွက် “ကစားကွင်း” ဖြစ်သည်။ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နှိပ်လိုက်ပါ။ စိတ်ထဲတွင် ကျေနပ်သွားအောင် ပြုလုပ်ပေးထားသည်။
ထိန်းချုပ်စက် (Control Unit – CU): ဤသည်ကား “မှော်ပဝါ” ဖြစ်သည်။ မဲရုံမှူးနှင့် ရပ်/ကျေး ရွေးကော်လူကြီးများတည်းဟူသော “မှော်ဆရာအဖွဲ့” ၏ လက်ထဲတွင် ရှိသည်။
ပြည်သူများ၏ ဆန္ဒထက် “အထက်” ၏ ဆန္ဒကို အကောင်အထည်ဖော်ရန် တီထွင်ထားခြင်း ဖြစ်သည်။ ၎င်းကို “ရလဒ်ချိန်ညှိခလုတ်” ဟု အမည်ပြောင်းသင့်သည်။
မဲပေးချက်ဖော်ပြသည့်စက် (Verification Unit – VU): ဤသည်မှာ ပြည်သူကို နှစ်သိမ့်ရန်ဖြစ်သည်။ စတိုးဆိုင်မှာ ပစ္စည်းဝယ်ပြီးလျှင် ရလာသည့် ဘောင်ချာစက္ကူလေးလိုပင်။ “သင်မဲပေးပြီးပါပြီ၊ ကျေးဇူးတင်ပါသည်” ဟု အသိပေးရုံသက်သက်သာ။ ထိုစက္ကူမဲပြားကဲ့သို့သည် တရားဝင်မဲလက်မှတ်မဟုတ်၊ သက်သေအဖြစ် အသုံးမဝင်။ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ရန်သာ ဖြစ်သည်။
သင်တန်းများတွင် နည်းပညာအကြောင်း ဘာမှမရှင်းပြ။ မည်သို့ “ထိန်းချုပ်” ရမည်ကိုသာ သင်ပေးသည်ဆိုခြင်းမှာ အမှန်တရား၏ အနှစ်သာရပင်။ အသုံးပြုနည်းမှာ –
အဆင့် (၁): ပြည်သူက မဲလာပေးသည်။ ခလုတ်တစ်ခုကို နှိပ်သွားသည်။
အဆင့် (၂): ဘောင်ချာစက္ကူလေး ထုတ်ပေးလိုက်သည်။ ပြည်သူက သူ၏ဆန္ဒ အရာထင်ပြီဟု ထင်မှတ်ကာ ကျေနပ်စွာ ပြန်သွားသည်။
အဆင့် (၃): မဲရုံပိတ်သောအခါ “မှော်ဆရာအဖွဲ့” စည်းဝေးသည်။ “Control Unit” ဟူသော မှော်ပဝါကို ထုတ်သည်။
အဆင့် (၄): “အဘတို့” လိုချင်သော ရလဒ်ကို Manual စနစ်ဖြင့် ရိုက်ထည့်လိုက်သည်။ စက်က အလိုအလျောက် “Yes Sir!” ဟုဆိုကာ မှန်ကန်သောရလဒ်ကို ထုတ်ပေးလိမ့်မည်။
အဆင့် (၅): သံသယရှိ၍ ပြန်စစ်ဆေးလိုပါက? “Sorry, No records found”။ စက္ကူမဲပြားမရှိ၊ သက်သေမရှိ၊ အရာအားလုံး လေထဲတွင် ပျောက်ကွယ်သွားပြီ။ ဤသည်ပင် “သက်သေမဲ့ ဒီမိုကရေစီ” ၏ အစစ်အမှန်ပုံရိပ် ဖြစ်သည်။
နိဂုံးချုပ်ပါက “Auto စနစ် မဟုတ်ဘူး။ အားလုံးက ထိန်းချုပ်သူရဲ့ Manual အောက်မှာပဲရှိတာ” ဟူသော သင်တန်းတက်ဝန်ထမ်း၏ စကားသည် ဤပြဇာတ်ကြီးတစ်ခုလုံး၏ အနှစ်ချုပ်ဖြစ်သည်။
၂၀၂၀ တွင် စက္ကူပေါ်မှ မင်စက်များကို မသင်္ကာဟုဆိုကာ တိုင်းပြည်ကို သိမ်းယူခဲ့သည်။
ယခုအခါတွင်မူ မင်လည်းမလို၊ စက္ကူလည်းမလို၊ သက်သေလည်းမကျန်သည့် အလွန် “ယုံကြည်စိတ်ချရသော” စက်ကြီးဖြင့် ရွေးကောက်ပွဲလုပ်မည်ဟု ဆိုပြန်သည်။ ဤသည်မှာ “ငါ့စကားနွားရ” မှသည် “ငါ့စက်အဖြေမှန်” သို့ ပြောင်းလဲခြင်းသာ ဖြစ်သည်။
သို့ဖြစ်၍ မြန်မာပြည်သူအပေါင်းတို့… စိတ်မပူကြကုန်လင့်။ လာမည့်ရွေးကောက်ပွဲသည် အလွန်တရာမှ ချောမွေ့သန့်စင်ပြီး မှန်ကန်သောရလဒ်များ ထွက်ပေါ်လာမည်မှာ သေချာပါသည်။
အကြောင်းမှာ ထိုရလဒ်များကို ကြိုတင်ရေးသွင်းထားပြီးဖြစ်၍တည်း။ “မြန်မာ့နည်း မြန်မာ့ဟန်” ၏ အောင်မြင်မှုအတွက် ကြိုတင်ဂုဏ်ပြုလိုက်ပါ၏။
“ဒီစက်က မဲပေးတိုင်း ‘USDP’ ဆိုတဲ့ အသံထွက်မယ်…အဲဒီအသံက ‘ဗိုလ်ချုပ်တွေရဲ့ ကြံ့ဖွတ်ပါတီ အောင်မြင်ဖို့ ‘ ကို ရည်ညွှန်းနေတာဖြစ်နိုင်တယ်!”
ဓါတ်ပုံ- မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် မဲပေးစမ်းသပ်နေကြစဥ်။







































