ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ ဂွေထုပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းတွေ အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဒုခေါင်းဆောင်ဖြစ်တဲ့ ဦးကိုကို နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုက ဇူလိုင်လ ၈ ရက်နေ့က ဝိုင်းမော်မြို့မြောက်ဘက် ၁၅ မိုင်လောက်အကွာမှာရှိတဲ့ နောင်ချိန်းရွာမှာလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ဖြစ်ခဲ့တာပါ။ ဂွေထုပြည်သူ့စစ်ခေါင်းဆောင် ဦးနော်လီနဲ့ ဒုခေါင်းဆောင် ဦးကိုကို (ခ) ဦးအောင်ဂမ်တို့ စကားများရာကနေ အပြန်အလှန် ပစ်ခတ်ကြတာလို့ သိရပါတယ်။
ပစ်ခတ်မှုမှာ ဒုခေါင်းဆောင် ဦးကိုကိုက နေရာမှာတင် သေဆုံးသွားပြီး ခေါင်းဆောင် ဦးနော်လီကတော့ လက်မှာ ဒဏ်ရာရသွားတယ်လို့ မျက်မြင်ဒေသခံတစ်ယောက်က ပြောပြပါတယ်။ “ဘာကိစ္စနဲ့ စကားများကြလဲတော့ အတိအကျမသိဘူး။ ပစ်ကြခတ်ကြတော့ ဦးကိုကိုက ပွဲချင်းပြီးပဲ၊ ဦးနော်လီကတော့ လက်မှာထိသွားတယ်” လို့ သူက ဆိုပါတယ်။
သူတို့နှစ်ယောက်ကြားမှာ အရင်ကတည်းက ဆက်ဆံရေးအဆင်မပြေဘူးလို့လည်း ဆိုကြပါတယ်။
ဂွေထုပြည်သူ့စစ်ကို တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ဟောင်း ဦးလဆန်အောင်ဝါက ယမန်နှစ် ထဲမှာပဲ သေဆုံးသွားပြီးနောက် ဦးနော်လီက ခေါင်းဆောင်ဖြစ်လာခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ဒုခေါင်းဆောင်ဖြစ်လာတဲ့ ဦးကိုကိုနဲ့ မကြာခဏဆိုသလို အချင်းများလေ့ရှိတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ဒုခေါင်းဆောင် ဦးကိုကိုဟာ အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ဗိုလ်ချုပ်ကြီးခင်ညွန့်ဦးဆောင်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးအဖွဲ့ ပြိုကွဲသွားပြီးနောက်ပိုင်း ဂွေထုပြည်သူ့စစ်အဖွဲ့ထဲကို ရောက်လာခဲ့တာပါ။
ဂွေထုပြည်သူ့စစ်အဖွဲ့ကိုတော့ KIA ကချင်လွတ်လပ်ရေးတပ်မတော်ကနေ ခွဲထွက်ခဲ့တဲ့ ဦးလဆန်အောင်ဝါက ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ဝိုင်းမော်မြို့နယ်ရဲ့ အခြေအနေကတော့ ကျေးလက်ဒေသအများစုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး မြို့အနီးတစ်ဝိုက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
အခုလို အချင်းချင်းပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဂွေထုပြည်သူ့စစ်၊ ဝူယန်ပြည်သူ့စစ်လိုအဖွဲ့တွေဟာ စစ်ကောင်စီတပ်နဲ့အတူပူးပေါင်းပြီး KIA ပူးပေါင်းတပ်တွေကို ပြန်တိုက်နေတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။





































