(ဇူလိုင်လ ၁၀ ရက်) ဘန်ကောက်မြို့၊ ဟွေ့ခွမ်ခရိုင်၊ ရတ်ချဒါဖိဆေ့လမ်းမပေါ်ရှိ ကွန်ဒိုမီနီယံတစ်ခု၏ ပထမထပ်တွင် အမျိုးသားတစ်ဦး မူးယစ်ရမ်းကားနေကြောင်း ဆွတ်ထိဆန် (Sutthisan) ရဲစခန်းသို့ နံနက် ၁၁ နာရီခန့်တွင် သတင်းတိုင်ကြားချက် ရောက်ရှိခဲ့သည်။
ဆွတ်ထိဆန်ရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဝရာဒေါန် ထိရဓနာဘူန် (Woradon Thirathanabun) နှင့် ရဲတပ်ကြပ်ကြီး ဂျီရာယုဒ် ရတ်ချအာ့ဒ် (Jirayut Ratcha-at) တို့သည် အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အသက် ၂၆ နှစ်အရွယ် ဂျီရဆတ် (Jirasak) ဆိုသူ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့သည်။
၎င်းက မိမိကိုယ်ကို အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မူးယစ်နေသည့် လက္ခဏာများရှိသောကြောင့် ရဲများက ညှိနှိုင်းပြောဆိုကာ ရဲစခန်းသို့ လိုက်ပါရန် ဖိတ်ခေါ်ခဲ့သည်။
သို့သော် ညှိနှိုင်းပြောဆိုနေစဉ်အတွင်း အဆိုပါအမျိုးသားက ရဲထံမှ သေနတ်ကို ဝင်ရောက်လုယက်ခဲ့သည်။
ရဲနှင့် သေနတ်လုယက်နေစဉ် သေနတ်မှာ ၂ ချက် ပေါက်ကွဲထွက်သွားခဲ့ပြီး ကျည်ဆန်သည် ရဲတပ်ကြပ်ကြီး ဂျီရာယုဒ် ရတ်ချအာ့ဒ်၏ ဘယ်ဘက်ရင်ဘတ်ရှိ ကျည်ကာအင်္ကျီကို ထိမှန်ကာ ဘယ်ဘက်လက်မောင်းသို့ ချော်ထွက်ထိမှန်သွားသဖြင့် ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် ကွန်ဒိုအနီးတစ်ဝိုက်မှ စေတနာဝန်ထမ်း ပြည်သူတစ်ဦးက ဝင်ရောက်ကူညီ၍ ဂျီရဆတ်ကို ဖမ်းဆီးနိုင်ခဲ့သည်။
ထို့နောက် ဆွတ်ထိဆန် ရဲစခန်းမှူး ရဲမှူးကြီး ဖွန်ထေ့ပ် ချလိမ်ကီယတ် (Phonthep Chaloemkiat) သည် စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ကင်းလှည့်ရဲများနှင့်အတူ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာပြီး ရဲတပ်ကြပ်ကြီး ဝရာဒေါန်နှင့် ဒဏ်ရာရရှိခဲ့သူ ရဲတပ်ကြပ်ကြီး ဂျီရာယုဒ်တို့ကို ရဲဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဂျီရဆတ်ကိုမူ စစ်ဆေးမေးမြန်းရန်အတွက် ထိန်းသိမ်းခေါ်ဆောင်သွားပြီးနောက် “တာဝန်ဝတ္တရားအတိုင်း ဆောင်ရွက်နေသော အစိုးရဝန်ထမ်းအား သတ်ရန်ကြံစည်မှု” ပုဒ်မဖြင့် အမှုဖွင့်ခဲ့သည်။
ဓာတ်ပုံ credit :: ဓာတ်ပုံပိုင်ရှင်၊ ဆွတ်ထိဆန် ရဲစခန်း













































