မုဒုံမြို့ ရွှေဟင်္သာဈေးမျက်နှာစာတန်းရှိ ရွှေဆိုင်တစ်ဆိုင်တွင် သေနတ်ပြ၍ ရွှေထည်ပစ္စည်းများ လုယက်ရန်ကြိုးစားမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပိုင်ရှင်အမျိုးသားကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ယနေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်က ထိုရွှေဟင်္သာဈေးမျက်နှာစာရှိ “ရွှေရတနာဦး” ရွှေဆိုင်သို့ အမျိုးသားတစ်ဦးရောက်ရှိလာပြီးနောက် ဆိုင်ရှင် အမျိုးသမီးအား ပစ္စတိုသေနတ်ပြကာ ရွှေထည်ပစ္စည်းများလုယက်ရန်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
“အဲ့ဒီအချိန်မှာ ဆိုင်ရှင် အမျိုးသမီးရဲ့ အဖေရောက်လာပြီးတော့ သေနတ်သမားကိုဝင်လုံးတဲ့အချိန်မှာ သေနတ်သမားကသေနတ်နဲ့ ပစ်ပြီးထွက်ပြေးသွားတယ်” ဟု ၎င်းမြို့ခံက ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဆိုင်ပိုင်ရှင် အမျိုးသားကြီးမှာ သေနတ်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာ၌ပင်သေဆုံးခဲ့ကြောင်း နှင့် သေနတ်သမား စီးလာသည့် ဆိုင်ကယ်မှာ ဈေးအတွင်းကျန်ရစ်ခဲ့ပြီး ၎င်းမှာလည်း လွတ်မြောက်နေသည်ဟု သိရကြောင်း ၎င်းမြို့ခံက ဆိုသည်။
ထိုဖြစ်စဉ်ကြောင့် အဆိုပါ ရွှေဟင်္သာဈေးအတွင်းရှိ ရွှေဆိုင်များ ပိတ်သိမ်းထားကြောင်းလည်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။






































