ဒကာမတစ်ဦး၏ ဖုန်း ၅ လုံးအတွင်းမှ သံဃာတော်များနှင့် လိင်ဆက်ဆံသည့် ဓာတ်ပုံပေါင်း ၈၀,၀၀၀ ကျော် တွေ့ရှိခဲ့ပြီးနောက် နောက်ထပ် သံဃာတော်များအား သိက္ခာချဖွယ်ရှိ
ဘန်ကောက်၊ ဇူလိုင် ၁၀- အမျိုးသမီးတစ်ဦးနှင့် ဘန်ကောက်မြို့နှင့် အခြားပြည်နယ်များရှိ နာမည်ကြီးကျောင်းတိုက်များမှ အထင်ကရသံဃာတော်များ လိင်ဆက်ဆံသည့် ဗီဒီယိုဖိုင်များနှင့် ဓာတ်ပုံပေါင်း ၈၀,၀၀၀ ကျော်ကို သိမ်းဆည်းရမိပြီးနောက် ထိုင်းဆရာတော်နှစ်ပါးအား လူဝတ်လဲစေခဲ့ကြောင်း သိရသည်။
ဗုဒ္ဓသာသနာတော်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းမှုကာကွယ်ရေးအတွက် အမျိုးသမီးတစ်ဦးနှင့် မေတ္တာရေး အရှုပ်အရှင်းရှိသည်ဟု စွပ်စွဲခံထားရသော သံဃာတော်အကြီးအကဲများအား ဆန္ဒအလျောက် လူဝတ်လဲရန် ညှိနှိုင်းဆွေးနွေးရန် ရဲတပ်ဖွဲ့၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန (ACD) မှ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် စတင်ဆောင်ရွက်ခဲ့သည်။



ဤမဖွယ်မရာသတင်းသည် ဇူလိုင်လ ၄ ရက်နေ့က ” Sika Kor- ဆီကာ ကော” ဟု အမည်ရသည့် အမျိုးသမီးတစ်ဦး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာတွင် ၎င်း၏ လက်ကိုင်ဖုန်း ၅ လုံးအတွင်းမှ ဓာတ်ပုံနှင့် ဗီဒီယိုပေါင်း ၈၀,၀၀၀ ကျော်ကို ACD ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ရာမှ တစ်ဆင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အဆိုပါ ဓာတ်ပုံများတွင် ၎င်းအမျိုးသမီးနှင့် နာမည်ကြီးကျောင်းတိုက်များမှ အထင်ကရ သံဃာတော်များအကြား ရင်းနှီးသည့် ဆက်ဆံမှုများကို တွေ့ရှိခဲ့ရသည်။
အာဏာပိုင်များအနေဖြင့် ယခုအချိန်အထိ သံဃာတော် ၈ ပါးကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အနက် ၃ ပါးမှာ လူဝတ်လဲထိုက်သည့် ဝိနည်းသိက္ခာပုဒ်များကို ချိုးဖောက်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ရဲတပ်ဖွဲ့ ပထမဆုံး သွားရောက်ခဲ့သည့်နေရာမှာ ဘန်ကောက်မြို့ရှိ ဝပ်ပက်နမ် ဖာစီချာရွန် ကျောင်းတိုက်ဖြစ်ပြီး လက်ထောက်ကျောင်းထိုင်ဆရာတော် ဖရာ့သက် ဝါချီဝါသီရကွန်းနှင့် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းခဲ့သည်။
သို့သော် ဆရာတော်သည် ကျောင်းတိုက်မှ တစ်ရက်ကြိုတင်ထွက်ခွာကာ ချင်းမိုင်မြို့သို့ ခရီးထွက်သွားခဲ့ကြောင်း သိရသည်။ အာဏာပိုင်များက ဆရာတော်အား ရှာဖွေတွေ့ရှိရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ရဲတပ်ဖွဲ့သည် ချချင်းဆောင်ပြည်နယ်၊ Muang ခရိုင်ရှိ ဝပ်ဆိုသွန်း ဝါရာရမ် ဝေါ်ရာဝိဟန် ကျောင်းတိုက်သို့ သွားရောက်ကာ လက်ထောက်ကျောင်းထိုင်ဆရာတော် ဖရာ့ခရူ ဆီရီဝိရိယသဒ္ဒါနှင့် တွေ့ဆုံရန် ကြိုးပမ်းခဲ့သော်လည်း ရဲများရောက်ရှိချိန်တွင် ဆရာတော်မှာ ကျောင်း၌ ရှိမနေခဲ့ပေ။
ဆရာတော်သည် သာသနာရေးအခမ်းအနားတစ်ခုသို့ ကြွသွားပြီး ပြန်လည်ရောက်ရှိခြင်း မရှိသေးဟု သိရသည်။ ၎င်း၏ မော်တော်ယာဉ်လည်း ပျောက်ဆုံးနေသဖြင့် ခြေရာခံရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။
ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းတွင် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ၏ ဒုတိယကော်မရှင်နာမင်းကြီး ရဲဗိုလ်ချုပ် ဂျာရွန်ကီယက် ပန်ကယောက် ဦးဆောင်သောအဖွဲ့သည် စာရာဘူရီပြည်နယ်ရှိ ဝပ်ဖရာ့ ဖွတ်ထချိုင် ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဖရာ့သက် ဝါချီရသီရာပွန်းအား ရှာဖွေခဲ့သည်။
ဆရာတော်အား ဆမွတ်ပရာကန်တွင် သင်္ကန်းအသစ် ဝယ်ယူရန်အသွား လမ်းခုလတ်၌ ကြားဖြတ်တားဆီးနိုင်ခဲ့သည်။
ရဲအရာရှိများက ဆရာတော်အား အဆိုပါအမျိုးသမီးနှင့် လိင်ဆက်ဆံနေသည့် ဗီဒီယိုနှင့် ဓာတ်ပုံအထောက်အထားများ ပြသခဲ့ပြီးနောက် ဆရာတော်က လူဝတ်လဲရန် သဘောတူခဲ့သည်။ ၎င်းအား ဘန်ကောက်မြို့ရှိ ဝပ်ထရီမစ်ကျောင်းတိုက်သို့ ခေါ်ဆောင်သွားပြီး ဘုရားဆင်းတုတော်ရှေ့တွင် တရားဝင် သိက္ခာချ၍ လူဝတ်လဲစေခဲ့သည်။
ဆက်လက်၍ ရဲတပ်ဖွဲ့သည် ချင်းမိုင်မြို့၊ မယ်တိုင်ခရိုင်တွင် ဝပ်ပက်နမ်ကျောင်းတိုက်မှ လက်ထောက်ကျောင်းထိုင်ဆရာတော် ဖရာ့သက် ဝါချီဝါသီရကွန်းအား ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအချိန်တွင် ဆရာတော်သည် ဝပ်ဖရာ့သတ် ဆူနန်သာ ကျောင်းတိုက်၌ ရှိနေခဲ့သည်။ ရဲအရာရှိများက ဗီဒီယိုအထောက်အထားများ ပြသပြီး တာဝန်ယူသည့်အနေဖြင့် လူဝတ်လဲရန် တိုက်တွန်းခဲ့ရာ သံဃာတော်အကြီးအကဲက သဘောတူခဲ့သည်။
ဝပ်ဆိုသွန်းကျောင်းတိုက်မှ ဖရာ့ခရူ ဆီရီဝိရိယသဒ္ဒါမှာမူ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်။
သံဃာတော်အကြီးအကဲ နှစ်ပါး ဆန္ဒအလျောက် လူဝတ်လဲခဲ့သော်လည်း ငွေကြေးဆိုင်ရာ မမှန်မကန်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဘန်ကောက်မြို့ရှိ ဝပ်ထရီဆော့ဆက်ကျောင်းတိုက်၏ ယခင်ကျောင်းထိုင်ဆရာတော်ဟောင်း အသက် ၅၄ နှစ်အရွယ် ချောင်ခွန် အာချာဝါဟုလည်း သိကြသည့် ဖရာ့သက်ဝါချီရာပမော့ကဲ့သို့ပင် ယခုကိစ္စတွင်လည်း ဆီကာ ကော အား ထောက်ပံ့ရန် သို့မဟုတ် ကိုယ်ကျိုးအတွက် ကျောင်းရန်ပုံငွေများကို အလွဲသုံးစားပြုခြင်း ရှိ၊ မရှိကို အာဏာပိုင်များက စစ်ဆေးလျက်ရှိသည်။
ဆရာတော်ဟောင်းသည် အမည်မသိအကြောင်းပြချက်ဖြင့် ရုတ်တရက် လူဝတ်လဲကာ လာအိုနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
Source- Bangkok Post
Photo – စာရာဘူရီပြည်နယ်၊ ဝပ်ဖရာ့ ဖွတ်ထချိုင်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် ဖရာ့သက် ဝါချီရသီရာပွန်းအား ဆီကာ ကော ဟု အမည်ရသည့် အမျိုးသမီးနှင့် မဖွယ်မရာဆက်ဆံမှုဖြင့် စွပ်စွဲခံရပြီးနောက် လူဝတ်လဲပေးကာ အရပ်ဝတ် လဲလှယ်ဝတ်ဆင်နေစဉ်။ (Photo supplied/Wassayos Ngamkham)
Photo-ဗဟိုစုံစမ်းစစ်ဆေးရေးဌာန ဒုတိယမှူး ဖြစ်သူ ရဲမှုးကြီး ဇာရွန်ကျတ် ပန်ကျဲဝ် (ညာဘက်) သည် ထိုင်းနိုင်ငံရှိ အထင်ကရ ဆရာတော်အများအပြားနှင့် ဆက်ဆံရေးရှိနေသည်ဟုဆိုကြသော စီကာ ကော အမျိုးသမီးနှင့် ပြောဆိုနေစဉ်။ ဗဟိုစုံစမ်းရေး ဒုတိယမှူးသည် မကြာသေးမီက စီကာကို တိုင်ပင်မေးမြန်းရန် ခေါ်ဆောင်ခဲ့ပြီး ပြစ်မှုတင်မထားဘဲ ဖြေဆိုပြီးနောက် ပြန်လွှတ်ခဲ့ကြောင်း သိရသည်။ (Photo supplied/Wassayos Ngamkham)




































