ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေမှာ လက်ရှိအချိန်တွင် တည်ငြိမ်မှုရရန် အားယူနေရဆဲဖြစ်ပြီး မည်သည့်ပါတီက အစိုးရဖွဲ့သည်ဖြစ်စေ၊ မည်သူက ဝန်ကြီးချုပ်ဖြစ်လာသည်ဖြစ်စေ ရှေ့ဆက်ရမယ့် ခရီးလမ်းက ပန်းခင်းလမ်းဖြစ်ဖို့ မလွယ်ကူသေးသည်ကို တွေ့မြင်နေရပါသည်။
အာဏာအတွက် အားပြိုင်မှုများ၊ နိုင်ငံရေးအုပ်စုများကြား သဘောထားကွဲလွဲမှုများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကန့်အသတ်များက အစိုးရသစ်တစ်ရပ်အတွက် စိန်ခေါ်မှုများအဖြစ် ရှိနေဆဲဖြစ်သည်။
ဤသို့သော အခြေအနေတွင် ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာ အချက်တစ်ချက် ထွက်ပေါ်လာခဲ့သည်။
The Nation သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် ပက်ခွန်း နီလ်ပရာပန့်က ဝန်ကြီးချုပ်တစ်ဦး၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး အရေးကြီးသည့်အချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
သူ၏ ပြောကြားချက်အရ ရွေးကောက်ခံဝန်ကြီးချုပ်တစ်ဦးဦး ရာထူးမှ ဆိုင်းငံ့ခံထားရချိန် သို့မဟုတ် အကြောင်းတစ်ခုခုကြောင့် တာဝန်မထမ်းဆောင်နိုင်ချိန်တွင် ယာယီတာဝန်ယူရသည့် ဒုတိယဝန်ကြီးချုပ် သို့မဟုတ် ယာယီဝန်ကြီးချုပ်တစ်ဦးအနေဖြင့် လွှတ်တော်ကို ဖျက်သိမ်းပိုင်ခွင့် မရှိဟု ဆိုသည်။
ရှင်းရှင်းလင်းလင်းပြောရလျှင် ထိုင်းနိုင်ငံ၏ ဒီမိုကရေစီစနစ်အရ လွှတ်တော်က ယုံကြည်မှုဖြင့် ရွေးချယ်တင်မြှောက်ပြီး ဘုရင်မင်းမြတ်က တရားဝင်အမိန့်ဖြင့် အတည်ပြုခန့်အပ်ထားသည့် ဝန်ကြီးချုပ်တစ်ဦးတည်းသာလျှင် အစိုးရအဖွဲ့ဝင်များကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်းနှင့် လွှတ်တော်ကို ဖျက်သိမ်းခြင်းကဲ့သို့သော အလုံးစုံသော အခွင့်အာဏာကို ပိုင်ဆိုင်ပါသည်။
ယာယီဝန်ကြီးချုပ်သည် အစိုးရ၏ နေ့စဉ်လုပ်ငန်းတာဝန်များ လည်ပတ်နိုင်ရန် ယာယီတာဝန်ယူရသူသာဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို အပြောင်းအလဲဖြစ်စေနိုင်သည့် ဆုံးဖြတ်ချက်ကြီးများကို ချမှတ်ပိုင်ခွင့်မရှိဟု ဆိုလိုခြင်းဖြစ်သည်။
ဤအချက်သည် ဝက်စ်မင်စတာပုံစံ လွှတ်တော်စနစ်ကို ကျင့်သုံးသည့် နိုင်ငံများ၏ အခြေခံမူဖြစ်ပြီး အစိုးရအဖွဲ့ခေါင်းဆောင်ကို လွှတ်တော်၏ ယုံကြည်မှုဖြင့် တရားဝင်ခန့်အပ်ခြင်းဖြစ်ကြောင်း ပက်ခွန်းက သူ၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
လွှတ်တော်၏ ယုံကြည်မှုမရဘဲ ယာယီတာဝန်ယူထားသူတစ်ဦးက လွှတ်တော်ကို ပြန်ဖျက်သိမ်းခြင်းသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရနှင့် ဆန့်ကျင်နေသောကြောင့် ဖြစ်သည်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံရေးသည် မည်မျှရှုပ်ထွေးပြီး စည်းမျဉ်းစည်းကမ်းများဖြင့် တင်းကျပ်စွာ ထိန်းကျောင်းထားသည်ကို မြင်နိုင်သည်။
ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရရန် ခက်ခဲသလို၊ ဝန်ကြီးချုပ်ဖြစ်လာသည့်အခါတွင်လည်း လုပ်ပိုင်ခွင့်များကို ကျင့်သုံးရာ၌ ဥပဒေဆိုင်ရာ အကန့်အသတ်များနှင့် နိုင်ငံရေးစိန်ခေါ်မှုများစွာကို ရင်ဆိုင်ရမည်မှာ သေချာပါသည်။
ထို့ကြောင့် ထိုင်းနိုင်ငံတွင် မည်သူပင် ဝန်ကြီးချုပ် ဖြစ်လာပါစေ၊ နိုင်ငံကို တည်ငြိမ်အောင် ဦးဆောင်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ဘဲ နိုင်ငံရေးတည်ငြိမ်မှု အပြည့်အဝမရသေးသ၍ အစိုးရအဖွဲ့ခေါင်းဆောင်တိုင်းအတွက် စိန်ခေါ်မှုများက အမြဲတစေ ရှိနေဦးမည်သာ ဖြစ်သည်။




































