ယာယီရပ်နားထားခဲ့သည့် မှတ်ပုံတင်စမတ်ကတ် (e-ID/UID) စစ်ဆေး၊ ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့၊ ဇူလိုင်လ ၇ ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါလုပ်ငန်းများကို e-ID စနစ်ဆိုင်ရာ အဆင့်မြှင့်တင်ရန်အတွက် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့မှစ၍ သုံးရက်ကြာ ယာယီရပ်နားခဲ့ပြီးနောက် ယခုအခါ ပြန်လည်စတင်ခြင်းဖြစ်သည်။
UID နံပါတ်ထုတ်ပေးသည့်လုပ်ငန်းများ ရပ်တန့်မှုမရှိစေရန် ရုံးပိတ်ရက်များတွင် အဆင့်မြှင့်တင်မှုများဆောင်ရွက်ခဲ့ကြောင်းလည်း ဦးစီးဌာနက ဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ညပိုင်းက ထုတ်ပြန်ခဲ့သည့် အသိပေးချက်အရ လျှောက်ထားလိုသူပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်ရုံးများတွင် ပုံမှန်အတိုင်း ပြန်လည်လျှောက်ထားနိုင်ပြီ ဖြစ်သည်။
ထို့အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အထူးဦးစားပေးအဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လျှောက်ထားရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာမြို့နယ် လ.ဝ.က ရုံးများ သို့မဟုတ် e-ID ၏ တရားဝင် Facebook စာမျက်နှာတွင် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။




































