အွန်လိုင်းမှာ ဖြစ်ပေါ်နေတဲ့ ငွေကြေးလိမ်လည်မှုတွေ၊ လူအလုပ်လိမ်မှုတွေဖြစ်တဲ့ “ကျားဖြန့်” လုပ်ငန်းတွေဟာ ယနေ့တိုင် AI နည်းပညာအသစ်တွေကို အသုံးပြုပြီး ကမ္ဘာတဝှမ်းအတွင်း ပိုမိုပြန့်လာနေတယ်လို့ အင်တာပိုက သတိပေးလိုက်ပါတယ်။
ဒီလိုရာဇဝတ်မှုတွေဟာ ယခုအခါ “လိမ္မော်ရောင်” အဆင့်ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး နိုင်ငံတွေအနေနဲ့ အမြန်ဆုံးပူးပေါင်းဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။
ပထမဦးဆုံး အရှေ့တောင်အာရှမှာ စတင်ခဲ့တဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ယနေ့မှာတော့ အနောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ တောင်အမေရိကထိ ကျယ်ပြန့်လာပြီး လူမှောင်ခိုကူးမှုနဲ့ သက်ဆိုင်တဲ့ ကြီးမားတဲ့ကွန်ရက်အဖြစ် ရှိလာပါပြီ။
UNODC (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး) ၏ ထုတ်ပြန်ချက်အရလည်း ကျားဖြန့်လုပ်ငန်းကြောင့် လူသိန်းပေါင်းများစွာ ခေတ်သစ်ကျွန်အဖြစ် လုပ်ခိုင်းခံနေရပြီး နှစ်စဉ်အဖြစ် အမေရိကန်ဒေါ်လာ ဘီလီယံကျော် ဝင်ငွေ ရရှိနေတယ်လို့ ဆိုပါတယ်။
လူတချို့ကို လစာကောင်းတဲ့အလုပ်အကိုင်နဲ့ သွေးဆောင်ပြီး၊ တချို့ကတော့ မိသားစုဝင်တွေရဲ့ အကြွေးတွေကြောင့် မိမိဆန္ဒနဲ့ သွားရောက်လုပ်ကိုင်နေကြပါတယ်။
စိုးရိမ်စရာကောင်းတာကတော့ ကျားဖြန့်စခန်းမှာ လိမ်လည်နည်းပညာတွေ သင်ယူပြီးနောက် ပြန်လာတဲ့အခါ မိမိနေရပ်မှာ ဆက်လက်ကျူးလွန်နေရတာပါ။
နောက်တစ်ချက်မှာတော့ AI နည်းပညာ—အထူးသဖြင့် Deepfake—ကို အသုံးပြုလာတာကြောင့် ပိုမိုခက်ခဲလာနေပါပြီ။ တကယ့်လူရုပ်ပုံနဲ့ အသံကို တုနဲ့ဖန်တီးပြီး ဗီဒီယိုအတုထုတ်၊ လူသစ်ခေါ်ဆောင်၊ ငွေတောင်းတဲ့လိမ်လည်မှုတွေကို ဆောင်ရွက်နေကြပါတယ်။
အင်တာပိုရဲ့ အစီရင်ခံစာအရ လုပ်ငန်းတွင် ပါဝင်နေသူတွေထဲမှ ၈၀ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ပြီး၊ ၆၁ ရာခိုင်နှုန်းက ၂၀ မှ ၃၉ နှစ်ကြား လူငယ်တွေဖြစ်တယ်လို့ဖော်ပြထားပါတယ်။
အင်တာပိုညွှန်ကြားရေးမှူး စီရီဂေါက်ကလည်း ဒီကျားဖြန့်ကွန်ရက်ဟာ ငွေကြေးလိမ်လည်မှုတစ်ခုပဲမဟုတ်ဘဲ မူးယစ်ဆေးနဲ့ တခြားအမျိုးမျိုးသော တရားမဝင်လုပ်ငန်းတွေအတွက် အသုံးပြုနေတဲ့ အရေးကြီးလမ်းကြောင်းတစ်ခုဖြစ်လာပြီလို့ ဆိုပါတယ်။
ဒါကြောင့် အစိုးရတွေ၊ နည်းပညာကုမ္ပဏီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံးပူးပေါင်းပြီး စည်းလုံးညီညွတ်မှုနဲ့ တိုက်ဖျက်ဖို့ အရေးကြီးနေပြီလို့လည်း သတိပေးထားပါတယ်။
Source- The Nation
