ဗိုလ်ချုပ်ကြီး စောမောင် ဦးဆောင်သည့် နဝတ အဖွဲ့က ၁၉၈၈ ခုနှစ် စက်တင်ဘာလ အာဏာ သိမ်းလိုက်သည့် အချိန်တွင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ထိုးစစ်ကြီးကို စတင် ဆင်နွှဲကြတော့သည်။
ဗမာပြည် အရှေ့ဖက် မြေ အနေအထား ကြမ်းတမ်း ခက်ခဲသော ဒေါနတောင်တန်း ဒေသတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာလ ၁၂ ရက် ၌ ကရင်လက်နက် ကိုင် ပြောက်ကျားများသည် ၁၉၈၄ ဇန်နဝါရီလက အစိုးရ တပ်များ၏ လက်အောက်သို့ ကျရောက်သွားသော သောင်းရင်းမြစ် အနောက်ဖက်ကမ်းဘေးရှိ ၎င်းတို့၏ စခန်းဟောင်း မဲသဝေါကို ပြန်လည် သိမ်းပိုက် ရရှိခဲ့သည်။
မိုင်းယန်း တိုက်ပွဲကဲ့သို့ပင် မဲသဝေါတွင်လည်း အစိုးရတပ်များ၏ ထိခိုက်ကျဆုံးမှု အလွန်အမင်း များပြားခဲ့သော်လည်း မည်မျှ အရင်းအနှီး ပေးဆပ်ရသည် ဖြစ်စေ မဲသဝေါကို ပြန်လည် သိမ်းပိုက်ရမည် ဟူသည့် အချက်ကြောင့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကရင် တပ်ဖွဲ့များလက်မှ အစိုးရ တပ်များဖက်သို့ ပြန်လည် ရောက်ရှိ သွားပြန်သည်။
ဗမာပြည် မြောက်ပိုင်းတွင်လည်း ဗကပ နှင့် KIA ပူးပေါင်း တပ်ဖွဲ့ များသည် ဒီဇင်ဘာလ ၁၃ ရက်၌ ကွတ်ခိုင် အရှေ့ဖက် ကုန်းဆာ တောင်တန်း ဒေသတွင် အစိုးရ စစ်ကြောင်းကို ပုံမှန် တိုက်ရိုး တိုက်စဉ် မဟုတ်သည့် ချုံခို တိုက်ခိုက်မှူများ ပြုလုပ်ခဲ့သည်။
တပ်ခွဲ ၂ ခွဲ ဖြင့် ဖွဲ့စည်းထားသော ထို အစိုးရစစ်ကြောင်း တစ်ခုလုံး ချေမှုန်း သုတ်သင် ခံလိုက်ရပြီး အစိုးရ တပ်ဖက်မှ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၂ ဦး နှင့် အရာခံဗိုလ် ၂ ဦး အပါအဝင် ၁၀၆ ယောက် ကျဆုံးခဲ့ကာ စစ်ကြောင်းမှူး ဗိုလ်မှူး လှမြင့် အပါအဝင် ၁၅ ဦး အရှင်ဖမ်းမိ၍ ၁၇ ဦး ဒဏ်ရာ ရရှိသွားသည်ဟု ဗကပ-KIA ပူးပေါင်း တပ်ဖွဲ့က အခိုင်အမာ ပြောကြားခဲ့သည်။
ချေမှုန်းရေး ရိုင်ဖယ် ၁၁၅ လက် နှင့် ၎င်း၏ အစိတ်အပိုင်း ပစ္စည်းများ အားလုံး၊ အော်တိုမက်တစ် မောင်းပြန် သေနတ်များ၊ ပစ္စတိုများ၊ လက်ပစ်ဗုံးတပ် လောင်ချာများ၊ စက်သေနတ်များ၊ မော်တာ အမြောက်များ ကိုလည်း ကျည်မျိုးစုံ ၂ သိန်း ခန့် အတူ သိမ်းဆည်း ရမိခဲ့သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်သည့် တိုက်ပွဲ သတင်းများကို မည်သည့်အခါမှ မဖော်ပြခဲ့ဖူးသည့် အစိုးရ မီဒီယာများသည် ထို တိုက်ပွဲသတင်းကို အံ့အားသင့်ဖွယ် အသေးစိတ် ဖော်ပြခဲ့သည်။
ထိုင်းနယ်စပ်သို့ ထွက်ပြေးသွားကြသော ဒီမိုကရေစီ လိုလားသည့် လူငယ် တက်ကြွ လှုပ်ရှားသူ ထောင်ပေါင်း များစွာက ထိုဒေသများ၌ နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရရှိလိမ့်မည်ဟု မျှော်လင့်နေကြသည်။
ထို့ပြင် ၎င်းတို့က အမေရိကန် အစိုးရ၊ ဥရောပ တိုက်မှ အစိုးရ အဖွဲ့များ၊ ယုတ်စွအဆုံး ဗမာပြည်နှင့် နိုင်ငံရေးအရ ပတ်သက်မှူ နည်းပါးသော ဂျပန် အစိုးရကပင် နဝတ စစ်အစိုးရသစ် အပေါ် အင်တိုက်အားတိုက် ပြစ်တင် ရှုတ်ချမှုကို သတိပြုမိခဲ့ ကြပြီး ပြင်ပကမ္ဘာက လက်နက်ခဲယမ်းများကို အစိုးရ၏ အတိုက်အခံ အုပ်စုများထံ ထောက်ပံ့ပေးလိမ့်မည်ဟု မျှော်လင့် နေခဲ့ကြသည်။
အချို့သော တောခို ကျောင်းသားများမှာမူ “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် နိုင်ငံခြား အထောက်အပံ့များ ရရှိနေသည်” ဟူသည့် စစ်အစိုးရ၏ ဝါဒဖြန့်မှုကို ယုံကြည်နေကြဆဲ ဖြစ်၍ တောခို ကျောင်းသားများ အတွက်လည်း အကူအညီ အထောက်အပံ့ အနည်းငယ် ခွဲဝေ ရရှိလိမ့်မည်ဟု ထင်မြင် ယူဆခဲ့ကြသည်။
သို့သော်လည်း ထိုင်းနယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် စခန်းများ၌ မည်သည့် နိုင်ငံခြား အကူအညီမှ မရရှိကြောင်း တောခို ကျောင်းသားများ တွေ့ရှိလာရပြီး မကြာမီပင် မျှော်လင့်ချက်မဲ့မှု နှင့် စိတ်ပျက်မှုများ သိသာထင်ရှားစွာ ဖြစ်ပေါ်လာခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် ၎င်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့ များကိုပင် ရိက္ခာ ထောက်ပံ့ရန် နှင့် လက်နက် တပ်ဆင်ပေးရန် ရုန်းကန်နေရသဖြင့် ကျောင်းသားများကို ပေးနိုင်သော လက်နက် အကူအညီမှာလည်း အနည်းငယ်မျှသာ ရှိခဲ့သည်။
ထို့ပြင် ဒီမိုကရေစီ လိုလားသည့် ကျောင်းသား တက်ကြွ လှုပ်ရှားသူများအနေဖြင့် ဖျားနာမှု၊ အာဟာရ ချို့တဲ့မှုတို့ကိုလည်း ခရီးရောက်မဆိုက် ခံစားလာခဲ့ရလေသည်။
ထိုင်းနယ်စပ်သို့ ရောက်ရှိပြီး မကြာမီပင် အချို့ သော ကျောင်းသားများမှာ ငှက်ဖျားရောဂါဖြင့် သေဆုံးခဲ့ကြရပြီး အချို့မှာ အရေပြားရောဂါ၊ မျက်စိဝေဒနာများ ခံစားခဲ့ရသည်။
အစားအသောက်မှာမူ ကျောင်းသားများ မြို့ပြကို စွန့်ခွာလာစဉ်ကတည်းက ပြဿနာ တစ်ခုဖြစ်ခဲ့ပြီး ဝေးလံခေါင်ဖျား ဒေသဖြစ်သော ဘုရားသုံးဆူ တောင်ကြား ဒေသနှင့် ထိုင်း ဗမာ နယ်စပ်ကဲ့သို့သော တောခိုသူများ၏ ခိုလှုံရာ နေရာများသည် အစားကောင်းကြိုက်၍ အစားအသောက် ရွေးသူများအတွက် မထောင်းတာလှပေ။
မကြာမီပင် မြို့သား လူငယ်များသည် ၎င်းတို့၏ ပတ်ဝန်းကျင်တွင် တွေ့ရသော မြွေများ၊ ဖွတ် ပုတတ်များ၊ ခွေးများ၊ ငှက်ပျောအူများနှင့် တောတွင်းတွင် ရှာ၍ ရသမျှ စား၍ရသည့် အရာမှန်သမျှ စားကြရသည်။ ထိုစဉ်တွင်ပင် နဝတ အစိုးရ အဖွဲ့၏ ဘဏ္ဍာရေး အခြေအနေမှာလည်း စိုးရိမ်ဖွယ် အနေအထား သို့ ရောက်ရှိလာခဲ့သည်။
ထိုစဉ်က ဗမာပြည်၏ နိုင်ငံခြား အရံငွေမှာ စစ်တပ် အာဏာမသိမ်းမီက ရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၁၅ သန်းထက် လျော့နည်းနေပြီး နိုင်ငံခြား အကူအညီ အထောက်အပံ့များလည်း ဖြတ်တောက်ခဲ့ပြီ ဖြစ်၍ နိုင်ငံခြား ပို့ကုန်မှာလည်း အနိမ့်ဆုံး အနေအထားသို့ ကျဆင်းသွားခဲ့သည်ဖြစ်ရာ နဝတ အစိုးရအတွက် နိုင်ငံခြား အရံငွေ အလွန် လိုအပ်နေခဲ့သည်။
ထို့ကြောင့် နိုင်ငံခြားငွေ ရရှိရန် အလွယ်ကူဆုံး နည်းလမ်းမှာ ဗမာပြည်၏ ပေါများလှသော သဘာဝ သယံဇာတ အရင်းအမြစ်များကို အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချရန်ပင် ဖြစ်သည်။
နဝတ အစိုးရ ၏ ရည်ရွယ်ချက်ကို ပထမဆုံး တုန့်ပြန်ခဲ့သော နိုင်ငံမှာ အိမ်နီးချင်း ထိုင်းနိုင်ငံပင် ဖြစ်သည်။ ၁၉၈၈ ဒီဇင်ဘာ ၁၄ ရက်၌ ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗလစ် ရောင်ချိုင်ယု သည် ထိုင်းစစ်တပ် အရာရှိများ၊ ထိုင်းလူမျိုး သတင်းစာဆရာများ၊ စီးပွားရေး သမားများ နှင့် ဘန်ကောက်ရှိ ဗမာ သံရုံးမှ သံရုံးဝန်ထမ်းများ အပါအဝင် လူအင်အား ၈၆ ယောက် လိုက်ပါ၍ ရန်ကုန်သို့ ထွက်ခွာလာခဲ့သည်။
ဗိုလ်ချုပ်ကြီး ချာဗလစ်သည် နဝတ အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်ကို “ချစ်ကြည် လေးစားရသော ညီအစ်ကိုတော်” ဟု သုံးနှုန်းပြောဆို၍ မင်္ဂလာဒုံလေဆိပ် လေယာဉ်ပြေးလမ်းပေါ်၌ ပွေ့ဖက် နှုတ်ဆက်ခဲ့ရာ ဗမာပြည်တွင် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံး လာရောက်လည်ပတ်သည့် ဂုဏ်သရေရှိ နိုင်ငံခြား ဧည့်သည်တော် တစ်ဦး ဖြစ်လာခဲ့သည်။
လူသိ ထင်ရှား လာရောက်ခဲ့သော ဗိုလ်ချုပ်ကြီး ချာဗလစ်၏ ၁ ရက်တာ အလည်အပတ် ခရီးစဉ် အပြီးတွင် ဗမာ စစ်အစိုးရ အာဏာပိုင်များနှင့် ထိုင်း ကုမ္ပဏီများ အကြား ယခင်က မရှိဘူး မကြုံဖူးသည့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။
၁၉၈၉ အစောပိုင်း၌ ထိုင်းစစ်တပ်အရာရှိများ နှင့် စီးပွားရေးလုပ်ငန်းချင်း နီးစပ် ယှက်နွယ်နေသော ထိုင်း စီးပွားရေး လုပ်ငန်းရှင်များမှ တစ်ဆင့် သစ်လုပ်ငန်း လုပ်ကိုင်သင့်သည်ဟူသည့် အတွေးအ ခေါ် အယူအဆများ နဝတ အစိုးရ အဖွဲ့ အတွင်း၌ ပေါ်ပေါက်လာခဲ့သည်။ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် သစ်လုပ်ငန်း ကော်ပိုရေးရှင်း၏ ကြေညာချက်တွင် ထိုင်း ဗမာ နယ်စပ် တလျှောက် သစ်လုပ်ကွက် ၂၀ လုပ်ကိုင် ခွင့်ပြုခဲ့ပြီး ကျွန်းသစ် တန်ချိန် ၁ သိန်း ၆ သောင်းကျော်နှင့် အခြားသစ်မာ တန်ချိန် ၅ သိန်း ထုတ်ယူခွင့် ပြုခဲ့သည်ဟုဆိုသည်။
ထို့ပြင် ဗမာပြည်၏ ကြီးပွား ချမ်းသာနိုင်သည့် သစ်လုပ်ငန်း ရတနာသိုက်ကြီးမှ တစ်နှစ်လျှင် အခွန်ငွေ အမေရိကန် ဒေါ်လာ ၁၁၂ သန်း ရရှိမည်ဟုလည်း သစ်လုပ်ငန်း ကော်ပိုရေးရှင်းက ခန့်မှန်းခဲ့သည်။
ထိုင်း ငါးဖမ်း ကုမ္ပဏီ နှစ်ခု ဖြစ်သော အတ္တလနှစ် ကော်ပိုရေးရှင်း နှင့် မားစ် ကုမ္ပဏီ တို့ကိုလည်း ဗမာ့ ရေပိုင်နက် အတွင်းမှ ငါး တန်ချိန် ၂၅၀၀၀၀ စီ ဖမ်းယူရန် ခွင့်ပြုခဲ့သည်။
ထို့ပြင် ထိုင်းနိုင်ငံမှ သစ်ပ်သန်သွန်း အသေးစား ကုမ္ပဏီလေးသည်ပင် ဗမာ့ ကျောက်မျက်၊ ကျောက်စိမ်း၊ ပုလဲ စသည်တို့နှင့် တစ်ပတ်ရစ်ကားများ၊ စက်ပစ္စည်းများ တိုက်ရိုက် လဲလှယ်ရန် ၁၉၈၈ ဒီဇင်ဘာ ၁၇ ရက်၌ ခွင့်ပြုချက် ရရှိခဲ့သည်။
ဗမာပြည်တွင် သစ်လုပ်ငန်း လုပ်ကိုင်ခွင့်မှာ ထိုင်းနိုင်ငံ၏ အကျိုးစီးပွားနှင့် အချိန်ကိုက် ဖြစ်ပေါ်လာခြင်းဟု ဆိုနိုင်ပြီး အထူးသဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်း၌ သစ်တော ပြုန်းတီးမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပွားပြီးနောက် ၁၉၈၈ နိုဝင်ဘာလ နှောင်းပိုင်းမှ စတင်ကာ တိုင်းပြည် တစ်ခုလုံးမှ သစ်ထုတ်လုပ်ခွင့်များကို ထိုင်းအစိုးရက ပိတ်ပင် ရပ်ဆိုင်းခဲ့သည်။
ထို့ကြောင့် ဗမာပြည်နှင့် ချုပ်ဆိုခဲ့သော သစ်ထုတ်လုပ်ရေး စာချုပ်သည် ထိုင်း သစ် အချောထည် နှင့် ပရိဘောဂ လုပ်ငန်းအတွက် ကျရောက်လာတော့မည့် အခက်အခဲ အကျပ်အတည်းကို ကူညီ ဖြေရှင်းပေးနိုင်ခဲ့သည်ဟု ဆိုရပေမည်။
၁၉၈၀ အစောပိုင်းက ထိုင်း ကွန်မြူနစ်ပါတီ ပြိုလဲသွားပြီးနောက် တိုင်းရင်းသားများ၏ နယ်စပ် ကြားခံနယ်မြေ အဖြစ် အရေးပါမှမှာလည်း လျော့ကျသွားသည့် အပြင် အရှေ့တောင် အာရှမှ ကွန်မြူနစ်တို့၏ ထောက်ပံ့သူ ဖြစ်ခဲ့သည့် တရုတ်ပြည်မှာလည်း ကမ္ဘောဒီးယား အရေးကိစ္စနှင့် ပတ်သက်၍ ထိုင်းတို့၏ ပြိုင်ဖက် ဖြစ်လာခဲ့သည်။
ထို့ပြင် နဝတ အစိုးရ၏ စီးပွားရေး လုပ်ငန်း ကမ်းလှမ်းချက်များမှာ အလွန်ကြီးမားသော အကျိုးအမြတ် ရရှိနိုင်သည်ဟု ထိုင်းအစိုးရက ရှုမြင်သည့် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လက်ခံ ကူညီပေးရန် အားထုတ်မှုကို လျော့ကျ သွားစေခဲ့သည်။
ထို ထိုင်း-ဗမာ သဘောတူညီချက်၏ တစိတ်တဒေသ အဖြစ် ဗမာပြည်သို့ မိမိသဘောဖြင့် လွတ်လပ်စွာ ပြန်လာလိုသော ကျောင်းသားများအတွက် လက်ခံ ကြိုဆိုရေး စခန်းကို ဒီဇင်ဘာ ၂၁ ရက်၌ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် လေဆိပ်တွင် ဖွင့်လှစ်ခဲ့ပြီး အလားတူ လက်ခံ ကြိုဆိုရေး စခန်းများကိုလည်း ထိုင်းနိုင်ငံ မြောက်ဖျားပိုင်းမှ ဘန်ကန်ရှိထိုင်း အမှတ်(၁၁) ခြေလျင် တပ်စခန်းတွင် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ၅ ရက် အကြာတွင် နယ်စပ်ဒေသများမှ ပထမ အသုတ် ကျောင်းသား ၅၀ ကို ဇာတိရပ်ထံ ပြန်ပို့ပေးနိုင်ခဲ့သည်။ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြင်းထန်သော စကားလုံး များ သုံးစွဲထားသည့် ကန့်ကွက်လွှာ နှင့် နိုင်ငံတကာမှ ပြင်းထန်သည့် ဝေဖန်မှုများကြောင့် ကျောင်းသားများကို ဇာတိရပ်ထံ ပြန်ပို့ပေးသည့် အစီအစဉ် တရားဝင် အဆုံးသတ်ခဲ့သော ၁၉၈၉ မတ်လ မတိုင်မီ အထိကျောင်းသား ၃၀၀ ကျော်ကို ဗမာပြည်သို့ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့သည်။
သို့သော်လည်း နဝတ အစိုးရ အဖွဲ့ သည် ခဲ တစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်နိုင်ရန် စီစဉ်နိုင်ခဲ့သည်။
၁၉၈၉ အစောပိုင်းတွင် ဗမာပြည်၏ နိုင်ငံခြား အရံငွေ ပမာဏ နောက်တစ်ကြိမ် ပြန်လည် မြင့်တက်လာပြီးနောက် ထိုင်းနယ်စပ် တလျှောက်ရှိ ကျောင်းသားများ၏ လှုပ်ရှားမှုများ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည်။
နဝတ အစိုးရက ထိုင်း ကုမ္ပဏီများကို ထိုင်း ဗမာနယ်စပ် တလျှောက် သစ် လုပ်ကွက်များ ချထားပေးခြင်းအားဖြင့် အရေအတွက် ကန့်သတ်၍သာ ထုတ်ယူခွင့် ပြုထားသော ကျွန်းသစ် အပါအဝင် အခြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လုပ်ငန်းများမှ အခွန် ကောက်ခံ ရရှိမှုကို မှီခိုနေရသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အခြေခံ ဘဏ္ဍာရေးအခြေအနေကို ဖြိုဖျက်ပစ်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။
(ရပ်နားပါဦးမည်)