ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော ဘုရားသုံးဆူမြို့၌ မနက်ဖန်တွင် ကျင်းပရန် စီစဉ်ထားသည့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ဖျက်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါအခမ်းအနားကို ဇူလိုင်လ (၆) ရက်၊ နံနက် (၉)နာရီအချိန်တွင် ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သွားရန် စီစဉ်ထားခဲ့ရာ ဘုရားသုံးဆူ လုံခြုံရေးတာဝန်ယူထားသူကို KNU တပ်မဟာ (၆) နှင့် တော်လှန်ရေးအဖွဲ့အစည်းဆိုသူများက ဖိအားပေးသောကြောင့် လုံခြုံရေးတာဝန်ယူမပေးနိုင်တော့သည့်အတွက် ယခုကဲ့သို့ ပွဲဖျက်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲသို့ ကြွရောက်လာကြသည့် သံဃာတော်ကြီးများအား ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ၁၂ မိုင် စစ်ဆေးရေးဂိတ်၌ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒေသခံတပ်ဖွဲ့ဝင်များက လုံခြုံရေးအရ တားဆီးခဲ့သည်ဟု ဆရာတော်များက ဆိုသည်။
KNU တပ်ဖွဲ့ဝင်များက ဒေသတွင်း၌ လက်နက်ကိုင်ပဋိပက္ခများ တိုးပွားနေသည့်အတွက် သံဃာတော်များအား ဘေးကင်းလုံခြုံရေးအတွက် ပြန်လည်ကြွလှည့်သွားရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးဆုတောင်းပွဲ မဖျက်သိမ်းမီ ရက်ပိုင်းအလိုတွင် “ဘုရားသုံးဆူဒေသခံပြည်သူများ” ဟု သုံးနှုန်းထားသည့် လူမှုကွန်ရက်စာမျက်နှာများတွင် အဆိုပါပွဲသည် စစ်ကောင်စီထောက်ခံသူများ၏ ပရောဂျက်တစ်ခုသာဖြစ်ကြောင်း ဝေဖန်ရေးသားမှုများ ပျံ့နှံ့ခဲ့သည်။
ထိုရေးသားချက်များတွင် ဒေသခံ ကရင်လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော KNU တပ်မဟာ ၆ ဥက္ကဋ္ဌ စောလစ္စတာနှင့် DKBA မှ ဗိုလ်မှူးကြီး စောအေဝမ်းတို့အား ဤပွဲကို တားဆီးပေးရန် သို့မဟုတ် ပူးပေါင်းပါဝင်ခြင်းမပြုရန် တိုက်တွန်းထားသည်။
ထို့ပြင် “စီစဉ်ထားသည့်အတိုင်း ပွဲကိုဆက်လက်ကျင်းပပါက ကျွန်ုပ်တို့အနေဖြင့် တော်လှန်ရေးနည်းလမ်းများဖြင့် တုံ့ပြန်သွားမည်” ဟု အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားနိုင်ခြေရှိသည်ကို အရိပ်အမြွက်ပြကာ ခြိမ်းခြောက်သည့်သဘောဖြင့် သတိပေးရေးသားခဲ့ကြသည်။
ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ၎င်းတို့၏ ထောက်ခံသူများအား စစ်ကောင်စီမှ စီစဉ်ကျင်းပနေသော “ငြိမ်းချမ်းရေး အတုအယောင် လှုပ်ရှားမှုများ” နှင့် လာမည့်ရွေးကောက်ပွဲကို ဆန့်ကျင်တုံ့ပြန်ကြရန် တိုက်တွန်းထားသည်။
ဤဖြစ်စဉ်သည် ဘာသာရေးအခမ်းအနားများပင်လျှင် နိုင်ငံရေးအရ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်နေသည့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို မီးမောင်းထိုးပြနေပါသည်။