ဘန်ကောက် – ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးသစ်အဖြစ် တာဝန်စတင်ထမ်းဆောင်သည့် ပထမဆုံးနေ့မှာပင် ဝန်ကြီး ဖွန်သမ် ဝေ့ချရာချိုင်း (Phumtham Wechayachai) သည် ဒေသန္တရအုပ်ချုပ်ရေးဦးစီးဌာနကို ညွှန်ကြား၍ “စပန်မိုင် လောင်းကစားဝိုင်း ပိတ်သိမ်းရေး စစ်ဆင်ရေး” ကို ချက်ချင်းအကောင်အထည်ဖော်ခဲ့သည်။
ယနေ့ဇူလိုင်လ ၄ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်က စစ်ဆင်ရေးအတွင်း ဒေသန္တရအုပ်ချုပ်ရေးအရာရှိ ၆ ဦးနှင့် စေတနာ့ဝန်ထမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ဘန်ကောက်မြို့၊ စိုင်းမိုင်ခရိုင်၊ ဖဟွန်ယိုသင် ၅၂ လမ်းကြားရှိ စပန်မိုင်ရပ်ကွက်အတွင်းမှ လောင်းကစားသမား ၇၀ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး သက်သေအဖြစ် ဘတ်ငွေ ၈ သိန်းကျော် (အမေရိကန်ဒေါ်လာ ၂၄,၇၃၀ ခန့်) ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
အာဏာပိုင်များလက်မှ လွတ်မြောက်နိုင်ရန် ၄င်းလောင်းကစားဝိုင်း အဆောက်အအုံကို ထွက်ပေါက်အများအပြားဖြင့် စနစ်တကျ တည်ဆောက်ထားပြီး BTS ဘူတာတစ်ခုနှင့် မီတာ ၃၀၀ ခန့်သာ ကွာဝေးသည့် အချက်အချာကျသောနေရာတွင် တည်ရှိသည်။
စုံစမ်းစစ်ဆေးချက်များအရ အဆိုပါလောင်းကစားဝိုင်းကို ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသား ဒိုင်များက တစ်နေ့တာလုံး အလှည့်ကျစနစ်ဖြင့် ဖွင့်လှစ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ငွေကြေးလည်ပတ်မှု ပမာဏမှာလည်း အလွန်ကြီးမားကြောင်း သိရှိရသည်။
အဆိုပါ လောင်းကစားဝိုင်းကြောင့် မိသားစုများ လောင်းကစားစွဲလမ်းကာ ပြိုကွဲရခြင်း၊ ဒေသခံများ ဘေးကင်းလုံခြုံမှုမရှိဟု ခံစားနေရခြင်းတို့နှင့် ပတ်သက်၍ ပြည်သူလူထု၏ တိုင်ကြားမှုများ မြင့်တက်နေခဲ့သည်။
ဤစီးနင်းမှုသည် ဝန်ကြီးသစ် ဖွန်သမ် ဝေ့ချရာချိုင်းအတွက် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်စတင်ထမ်းဆောင်သည့် ပထမဆုံးနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်၍ ထူးခြားမှုရှိသည်။
၎င်းသည် ပြည်သူလူထု၏ တိုင်ကြားချက်များကို အလေးထားပြီး တရားမဝင်လုပ်ငန်းများနှင့် ရာဇဝတ်မှုများကို အလျင်အမြန် ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဟူသော တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ပုံရိပ်ကို ပထမဆုံးနေ့မှာပင် ပြသလိုက်ခြင်းဖြစ်သည်။
ဤလုပ်ရပ်သည် အစိုးရသစ်၏ ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအပေါ် အာရုံစိုက်မှုကို ပြသသည့် ပြတ်သားသော သတင်းစကားတစ်ခုလည်း ဖြစ်သည်။

