ကန်ချနပူရီခရိုင်၊ စံခလပူမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပညာရေးဌာနများ၏ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည့် လစဉ်ပုံမှန်ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံသားစီစစ်ရေးနှင့် လူပုဂ္ဂိုလ်ဆိုင်ရာ အဆင့်အတန်းသတ်မှတ်ပေးရေး လုပ်ငန်းစဉ်များတွင် ငွေကြေးအလွဲသုံးစားလုပ်မှုများ မရှိစေရေးအတွက် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်းစောင့်ကြည့်ရန် အလေးထား ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် အဓိကအကြောင်းအရာ နှစ်ရပ်ကို အလေးပေး ပြောကြားခဲ့ရာ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ စံခလပူရီဒေသတွင် လူဦးရေ ၁၆,၀၀၀ ခန့်ကို နိုင်ငံသားနှင့် အဆင့်အတန်း သတ်မှတ်ပေးရန် စီစဉ်လျက်ရှိပြီး ၄င်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အခြားဒေသများတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ငွေကြေးတောင်းခံမှုများ ရှိခဲ့ကြောင်း သတင်းရရှိထားသည်။



သို့သော် စံခလပူရီဒေသတွင် ထိုသို့သော သတင်းများ မရရှိသေးသော်လည်း ပြည်သူများအနေဖြင့် သတိထားရန် လိုအပ်ပါသည်။
အထူးသဖြင့် အိုင်ဒီကတ်/မှတ်ပုံတင်ကတ် ပြုလုပ်ပေးမည်ဟုဆိုကာ ငွေကျပ်သောင်းပေါင်းများစွာ တောင်းခံနေသည့် ပွဲစားများ ရှိကြောင်း သတင်းများရှိနေသဖြင့် လိမ်လည်ခံရမှုမရှိစေရန်နှင့် ထိုသို့ လိမ်လည်တောင်းခံမှုများအား စုံစမ်းစောင့်ကြည့်ပြီး ခရိုင်ရုံးသို့ သတင်းပို့ရန် လုံခြုံရေးဆိုင်ရာ ဌာနများကို အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် အစိုးရအဖွဲ့သစ်၏ မူဝါဒအရ လာမည့် ၃ လအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို တားဆီးရန် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဤကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်လုပ်ငန်းလမ်းညွှန်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ လတ်ယားအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ၁၃၄၊ ကျန်းမာရေးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် အခြားသက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။