စစ်ကောင်စီသည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို “မဲမသမာမှု” ဟူသော အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့သည်။
ယခုအခါ ၎င်းတို့ကိုယ်တိုင် မိတ်ဆက်လာသည့် အီလက်ထရောနစ်မဲပေးစက်သည် ပိုမိုလုံခြုံပြီး ပွင့်လင်းမြင်သာမှုရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ဆန့်ကျင်ဘက်သာဖြစ်သည်။
မည်သည့်ကုမ္ပဏီက ထုတ်လုပ်ထားမှန်းမသိ၊ မည်သည့်နည်းပညာဖြင့် ရေးဆွဲထားသည်ကို ပြည်သူလူထုက မသိရှိရသည့် ဤမဲပေးစက်များသည် “မည်းမှောင်နေသော သေတ္တာတစ်လုံး” (Black Box) သဖွယ် ဖြစ်နေသည်။
ဆော့ဖ်ဝဲလ်ကို မည်သူက ထိန်းချုပ်မည်နည်း။ ရလဒ်များကို မည်ကဲ့သို့ အလွယ်တကူ ပြောင်းလဲနိုင်မည်နည်း။ လွတ်လပ်သော နည်းပညာကျွမ်းကျင်သူများ၏ စစ်ဆေးမှု ရှိ၊ မရှိ စသည့် မေးခွန်းများမှာ အဖြေမဲ့နေဆဲဖြစ်သည်။
အာဏာကို လက်နက်ဖြင့် ရယူထားသော အဖွဲ့အစည်းတစ်ခုက အလုံးစုံထိန်းချုပ်ထားမည့် ဤစနစ်သည် စက္ကူမဲပုံးထက်ပင် ပိုမိုလွယ်ကူစွာ မဲလိမ်မဲခိုးပြုလုပ်နိုင်မည့် အခွင့်အလမ်းကို ဖွင့်ပေးထားသကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် ဤသင်တန်းများသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲအတွက် ပြင်ဆင်ခြင်းမဟုတ်ဘဲ၊ ထိန်းချုပ်ခြယ်လှယ်နိုင်သည့် ရွေးကောက်ပွဲတစ်ခုအတွက် ကြိုတင်ဇာတ်တိုက်နေခြင်းဟု ရှုမြင်နိုင်သည်။
ပို၍ ရယ်ဖွယ်ကောင်းသည့်အချက်မှာ စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အပြင်၊ သင်တန်းပေးနေသည့် မွန်ပြည်နယ်တွင်ပင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များကဲ့သို့သော ဒေသအများအပြားမှာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ခြင်း မရှိသည်မှာ အများသိပင်ဖြစ်သည်။
တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ ရွေးကောက်ပွဲကို တရားမဝင်ကြောင်း ကြေညာထားပြီး ပြည်သူလူထုကိုလည်း ပူးပေါင်းပါဝင်ခြင်းမပြုရန် တိုက်တွန်းထားသည်။

ဤအခြေအနေတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားခြင်းသည် နိုင်ငံတကာကို မျက်လှည့်ပြရန်နှင့် ၎င်းတို့ထိန်းချုပ်နိုင်သည့် မြို့ပြအချို့တွင် “ရွေးကောက်ပွဲဖြစ်မြောက်သည်” ဟု ဟန်ပြလိုသည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုသာ ဖြစ်သည်။
တည်ငြိမ်မှုမရှိ၊ လုံခြုံမှုမရှိ၊ တရားမျှတမှုအတွက် အာမခံချက်မရှိသော ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်မည်မှာ သေချာသည်။
အတိတ်ကာလ နဝတ၊ နအဖ စစ်အစိုးရများလက်ထက် ၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ပွဲများသည် တရားမျှတမှုမရှိဟုဆိုကာ မွန်ပြည်သစ်ပါတီကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကပင် ဆန့်ကျင်ခဲ့ဖူးသည့် သမိုင်းရှိသည်။ ယခုလည်း အခြေအနေက ထိုစဉ်ကထက် များစွာပိုမိုဆိုးရွားနေသည်။ ထို့ကြောင့် စစ်ကောင်စီ၏ မည်သည့်လုပ်ရပ်ကိုမဆို ပြည်သူလူထုက လုံးဝယုံကြည်တော့မည် မဟုတ်ပေ။
နိဂုံးချုပ်ရလျှင် မဲပေးစက်သင်တန်းများသည် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့် အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။
ပြဿနာ၏ အရင်းမြစ်သည် မဲပေးသည့် “စက်” တွင်မရှိဘဲ၊ ရွေးကောက်ပွဲကျင်းပသူ “စစ်ကောင်စီ” ၏ တရားမဝင်မှုနှင့် လူထုထောက်ခံမှု ကင်းမဲ့မှုတွင်သာ ရှိသည်။
ပြည်သူလူထု၏ သဘောဆန္ဒနှင့် လုံးဝဆန့်ကျင်ပြီး၊ သေနတ်သံများအောက်တွင် ကျင်းပမည့် မည်သည့်ရွေးကောက်ပွဲမဆို တိုင်းပြည်အတွက် အဖြေမဟုတ်ဘဲ နောက်ထပ်ပဋိပက္ခများကိုသာ ဖိတ်ခေါ်ရာရောက်မည် ဖြစ်သည်။
Photo- မွန်ပြည်နယ် မဲပေးစက်သင်တန်းပေးနေစဥ် (MOI)