ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့နယ်ထဲကို တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းအရ ထိုင်းအာဏာပိုင်တွေက ဇူလိုင်လ ၁ ရက်နေ့မှာ စောင့်ကြပ်ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းတပ်မ ၉ လက်အောက်ခံတပ်ဖွဲ့တွေ၊ နယ်ခြားစောင့်ရဲ၊ စံခလပူရီရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး စံခလပူရီမြို့၊ ဝင်းက (Wang Ka) ရပ်ကွက်ထဲက မြစ်ကမ်းဘေး တောအုပ်နေရာတစ်ဝိုက်မှာ စောင့်ကြည့်နေခဲ့ကြပါတယ်။
အဲဒီလိုစောင့်ကြည့်နေတုန်းမှာပဲ တောထဲမှာ ပုန်းအောင်းနေတဲ့ လူတစ်စုကို တွေ့ရှိခဲ့ပါတယ်။ အာဏာပိုင်တွေက စစ်ဆေးဖို့ ကြိုးစားတဲ့အခါမှာ သူတို့ဟာ ထိုင်းစကားလည်း မပြောတတ်သလို၊ တရားဝင်အထောက်အထားစာရွက်စာတမ်းတွေလည်း ပြသနိုင်ခြင်း မရှိတဲ့အတွက် သူတို့ ၁၂ ဦးလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
စစ်ဆေးမေးမြန်းချက်တွေအရ အဖမ်းခံရသူတွေဟာ မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့နယ်ဘက်ကနေ ပွဲစားရဲ့ အစီအစဉ်နဲ့ ဂျပန်ရေတွင်းက သဘာဝလမ်းကြောင်းအတိုင်း ခြေကျင်ဖြတ်ကျော်ပြီး ဝင်ရောက်လာကြတာဖြစ်တယ်လို့ သိရပါတယ်။
သူတို့ဟာ ထိုင်းနိုင်ငံအတွင်းပိုင်းကို အလုပ်လုပ်ဖို့လာတာဖြစ်ပြီး ပွဲစားကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အလုပ်လုပ်မယ့်နေရာကို မရောက်ခင်မှာပဲ အခုလို အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
အာဏာပိုင်တွေက အဖမ်းခံရသူအားလုံးကို မှတ်တမ်းပြုစုပြီး နောက်ထပ်စစ်ဆေးမေးမြန်းဖို့နဲ့ ဥပဒေအရ အရေးယူနိုင်ဖို့အတွက် စံခလပူရီမြို့မရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
Crd- Kanchanaburi News

