မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ-၃၄၃ စခန်းကုန်းကို ယနေ့ နံနက်အစောပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ရေးဘီလူးအဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ရေးဘီလူးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၁ ရက်၊ နံနက် ၅ နာရီခန့်တွင် အဆိုပါစခန်းကုန်းကို ရေးဘီလူးအဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး ၄၅ မိနစ်အကြာ နံနက် ၅ နာရီ ၄၅ မိနစ်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုများကြောင့် ရေးဘီလူးအဖွဲ့မှ ရဲဘော် ထက်မြတ်မောင် (ခ) အသေးလေးသည် တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်ကောင်စီ၏ သစ်စက်ဂိတ်စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့သေးသည်။
ရေးဘီလူးအဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဖွဲ့စည်းပေါ်ပေါက်လာသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။
၎င်းတို့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ ရဲစခန်းများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးယန္တရားနှင့် ဆက်စပ်သူများကို အဓိကပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။
မွန်ပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်နေသည့် အဖွဲ့အဖြစ် လူသိများသည်။
Photo- ရေးဘီလူးအဖွဲ့




































