စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ဦးဆောင်ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ငြိမ်းချမ်းရေးဖိုရမ်သို့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်သော “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် အမျိုးသားဒီမိုကရေတစ်မဟာမိတ်တပ်မတော် (NDAA) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အဆိုပါဖိုရမ်ကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး FPNCC အဖွဲ့ဝင်များအနေဖြင့် UWSA မှ ဦးညီရန်း၊ SSPP မှ စပ်နော်လိတ် နှင့် NDAA (မိုင်းလားအဖွဲ့) မှ ဦးချစ်ဆွေတို့ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်သော မွန်ပြည်သစ်ပါတီ (NMSP) မှ နိုင်အောင်မငေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်ခဲ့ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ စောစိန်ဝင်း၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ဒေါက်တာစောကျော်ညွန့်၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) မှ ကျာဆော်လမွန်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ စောမြရာဇာလင်း တို့လည်း တက်ရောက်ခဲ့သည်။
ထို့ပြင် တရုတ်၊ ထိုင်း၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့မှ ပညာရှင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
FPNCC သည် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဦးဆောင်သည့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးညှိနှိုင်းရေးကော်မတီဖြစ်ပြီး NCA လမ်းကြောင်းကို လက်မခံဘဲ နိုင်ငံရေးဆွေးနွေးမှုကို အဖွဲ့လိုက်ရပ်တည်ချက်ဖြင့် ဆောင်ရွက်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် စစ်ရေးအရ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် UWSA နှင့် ၎င်း၏မဟာမိတ်များဖြစ်သော SSPP နှင့် NDAA တို့ ယခုကဲ့သို့ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခြင်းသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် နိုင်ငံရေးအရ အရေးပါသောခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ခံရသည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ ထောက်ခံမှုနှင့် ပါဝင်မှုကို ရရှိရန် ယခုကဲ့သို့ ဖိုရမ်များကျင်းပနေခြင်းဖြစ်သည်။
တစ်ဖက်တွင်လည်း FPNCC အဖွဲ့ဝင်များဖြစ်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့ (ရက္ခိုင့်တပ်တော်-AA၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA) အပါအဝင် အခြားသော တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံအနှံ့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
ဓာတ်ပုံ – VOM










































