ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုအဖြစ် ထိုင်းပင်လယ်ကွေ့အတွင်းကနေတဆင့် တတိယနိုင်ငံတစ်ခုကို တင်ပို့ဖို့ ကြိုးစားနေတဲ့ စံချိန်တင် ခရစ္စတယ် စိတ်ကြွဆေး (အိုက်စ်) ၂ ဒသမ ၄ တန်နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ ဒီမှောင်ခိုလုပ်ငန်းရဲ့ နောက်ကွယ်က ကြီးမားတဲ့ ရာဇဝတ်ကွန်ရက်ကိုပါ ဖော်ထုတ်နိုင်ဖို့ စစ်ဆေးနေပြီဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထောင်တန်က ဇွန်လ ၂၃ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီဖမ်းဆီးမှုဟာ ရုပ်ရှင်ဆန်ဆန် အကွက်ချ စီစဉ်ခဲ့တဲ့ စစ်ဆင်ရေးတစ်ရပ်ဖြစ်ပြီး ဇွန်လ ၂၁ ရက်နေ့ ညပိုင်းမှာ စတင်ခဲ့တာပါ။
ရာယောင်းခရိုင်၊ ပရာဆေးမြစ်ဝကနေ မောင်းထွက်လာတဲ့ မသင်္ကာဖွယ်ရာ လှေတစ်စီးကို ထိုင်းအာဏာပိုင်တွေက သတင်းကြိုတင်ရရှိထားတဲ့အတွက် ချက်ချင်းမဖမ်းဆီးသေးဘဲ တော်ဝင်ထိုင်းရေတပ်ရဲ့ ကင်းလှည့်သင်္ဘော ၄ စင်းနဲ့ နောက်ယောင်ခံ စောင့်ကြည့်ခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ အဲ့ဒီလှေဟာ ပင်လယ်ထဲမှာ ဆိုက်ကပ်ထားတဲ့ တန် ၉၀ တင်ဆောင်နိုင်တဲ့ အပျော်စီးသင်္ဘောကြီးတစ်စီးဆီကို ချဉ်းကပ်ပြီး သူတို့သယ်လာတဲ့ အိုက်စ်တွေကို သင်္ဘောကြီးပေါ် လက်လွှဲတင်ဆောင်နေချိန်မှာပဲ ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန၊ ရေတပ်နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့တို့ရဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးမှာ သင်္ဘောပေါ်ပါလာတဲ့ ထိုင်းနိုင်ငံသား ၈ ဦးကို မူးယစ်ဆေးတွေနဲ့အတူ လက်ရဖမ်းဆီးနိုင်ခဲ့သလို၊ ကုန်းမြေပေါ်ကနေ ဒီမှောင်ခိုမှုကို ဦးဆောင်စီစဉ်သူလို့ ယူဆရတဲ့ ‘Luk Yod’ ဆိုသူကိုလည်း ၆ ဘီးကုန်တင်ကားတစ်စီးနဲ့အတူ ဖမ်းမိခဲ့ပါတယ်။
ဒါ့အပြင် ဒီလုပ်ငန်းမှာ ပါဝင်ပတ်သက်နေတဲ့ ပစ်ကပ်ကားတစ်စီးကိုလည်း ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ အိုက်စ်စိတ်ကြွဆေးတွေရဲ့ တန်ဖိုးဟာ ထိုင်းနိုင်ငံတွင်း ပေါက်စျေးနဲ့ဆိုရင် ဘတ် ၂၃၉ သန်း (အမေရိကန်ဒေါ်လာ ၇.၂၅ သန်း) ရှိပြီး၊ နိုင်ငံတကာ လမ်းပေါ်စျေးကွက်ကိုသာ ရောက်ရှိသွားမယ်ဆိုရင် ဘတ် ၃ ဘီလီယံ (ဒေါ်လာ ၉၁ သန်း) အထိ တန်ဖိုးရှိနိုင်တယ်လို့ ဝန်ကြီးချုပ် ပေထောင်တန်က ပြောကြားခဲ့ပါတယ်။ ဒါဟာ သူ့အစိုးရရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒီဖမ်းဆီးမှုဟာ ထိုင်းနိုင်ငံတစ်ခုတည်းအတွက်သာမက မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုရဲ့ ကြီးမားတဲ့ ကွန်ရက်ကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ဘက်မှာ အဓိကအခြေစိုက်ထုတ်လုပ်တဲ့ “ရွှေတြိဂံ” ဒေသက မူးယစ်ဆေးဝါးတွေအတွက် အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု (Transit Hub) ဖြစ်နေတာ ကြာပါပြီ။
အခုလို ပင်လယ်ရေကြောင်းကနေ တန်နဲ့ချီတဲ့ မူးယစ်ဆေးတွေကို သယ်ဆောင်တာဟာ သြစတြေးလျ၊ ဂျပန်၊ ထိုင်ဝမ်၊ မလေးရှားတို့လို ဈေးကွက်ကြီးတွေဆီကို ပို့ဆောင်ဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ဒီတစ်ကြိမ်ဖမ်းဆီးရမိတဲ့ ပမာဏဟာ အလွန်များပြားပြီး ဒါဟာ ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းကြီးတွေရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက် ဘယ်လောက်အထိ အားကောင်းနေသလဲဆိုတာကို သက်သေပြနေပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ နောက်ကွယ်က ကွန်ရက်ကို ခြေရာခံဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုတာကလည်း ဒီလုပ်ငန်းကို အမြစ်ပြတ်ချေမှုန်းလိုတဲ့ ဆန္ဒကို ပြသနေပြီး၊ ဒီကွန်ရက်ဟာ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ မလွဲမသွေ ချိတ်ဆက်နေမှာ ဖြစ်တဲ့အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေဟာလည်း ပိုမိုအရေးပါလာမှာ ဖြစ်ပါတယ်။
Crd- Khaosod English News

