ထိုင်းနိုင်ငံမှာ လိမ်လည်သူတွေက Artificial Intelligence (AI) နည်းပညာကို အသုံးပြုပြီး မိသားစုဝင် ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေရဲ့ အသံကို ပုံတူကူးကာ ဖုန်းဆက်ပြီး ငွေလွှဲခိုင်းတဲ့ လိမ်လည်မှုပုံစံသစ်တစ်ခု ပေါ်ပေါက်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ ထိုင်းအစိုးရက တရားဝင် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းအစိုးရရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ အနုကွန် ပရွတ်ဆနူဆတ် (Anukool Pruksanusak) က တနင်္ဂနွေနေ့မှာ ပြောကြားရာမှာ ဒီဂျစ်တယ်နည်းပညာတွေ တိုးတက်လာတာဟာ နေ့စဉ်ဘဝအတွက် အဆင်ပြေမှုတွေ ယူဆောင်လာသလို၊ စိန်ခေါ်မှုအသစ်တွေကိုလည်း ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
နည်းပညာဟာ စီးပွားရေးနဲ့ လူနေမှုဘဝအတွက် အရေးပါပေမယ့် ရာဇဝတ်ကောင်တွေအတွက်လည်း ပိုမိုကျွမ်းကျင်ပြီး ခေတ်မီတဲ့ လိမ်လည်မှုနည်းလမ်းတွေ ဖန်တီးနိုင်အောင် အခွင့်အရေးပေးသလို ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဆိုက်ဘာရာဇဝတ်မှုတွေဟာ အမြဲတမ်းလိုလို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေဆဲပါ။ အီးမေးလ်ကနေတစ်ဆင့် ငွေလိမ်တာ၊ အွန်လိုင်းမှာ ပစ္စည်းအတုတွေရောင်းတာ၊ ချစ်သူရည်းစားအဖြစ် ဟန်ဆောင်ပြီး လိမ်လည်တာ (Romance Scam)၊ ရင်းနှီးမြှုပ်နှံမှု အတုတွေနဲ့ လိမ်တာ၊ Call Center ဝန်ထမ်းအဖြစ် ဟန်ဆောင်ပြီး လိမ်တာ (Call Centre Impersonations) နဲ့ ငွေတိုးပေးမယ်ဆိုပြီး လိမ်ညာတဲ့ Ponzi Scheme တွေဟာ အဖြစ်များတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။
ဒီလိုလိမ်လည်မှုတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း “ကျားဖြန့်” လို့ လူသိများတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေအဖြစ် အများအပြား ဖြစ်ပွားနေတာပါ။
အခုနောက်ဆုံးပေါ် လိမ်လည်မှုကတော့ AI နည်းပညာကိုသုံးပြီး ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက်ယောက်ရဲ့ အသံနဲ့ တစ်ပုံစံတည်းတူအောင် ဖန်တီးကာ “အရေးပေါ်အခြေအနေတစ်ခုခုဖြစ်နေတယ်၊ အခုချက်ချင်း ငွေလွှဲပေးပါ” ဆိုပြီး စိတ်ပိုင်းဆိုင်ရာအရ ဖိအားပေးတောင်းဆိုတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ဒီလိုလိမ်လည်မှုတွေကနေ ကာကွယ်နိုင်ဖို့ ထိုင်းအစိုးရက အောက်ပါအချက်တွေကို လိုက်နာဖို့ အကြံပြုထားပါတယ် –
၁။ အခြေအနေကို သေချာမစစ်ဆေးဘဲ ပိုက်ဆံလုံးဝမလွှဲပါနဲ့။
၂။ ငွေတောင်းဆိုတဲ့သူဆီကို ကိုယ်သိမ်းထားတဲ့ ဖုန်းနံပါတ်အမှန်နဲ့ တိုက်ရိုက်ပြန်ခေါ်ပြီး တကယ်ဟုတ်မဟုတ် အတည်ပြုပါ။
၃။ ဖုန်းဆက်လာသူရဲ့ စကားပြောဆိုပုံ မူမမှန်တာ၊ အလောတကြီး နိုင်လွန်းတာ၊ စကားသံက သဘာဝမကျတာ မျိုးတွေကို သတိထားပါ။
၄။ တကယ်လို့ ငွေလွှဲလိုက်မိရင်တောင် လက်ခံတဲ့ဘဏ်အကောင့် ဟာ ကိုယ်သိတဲ့သူရဲ့ အကောင့်အမှန် ဟုတ်မဟုတ် သေချာပြန်စစ်ဆေးပါ။
ပြည်သူတွေအနေနဲ့ အမြဲတမ်းသတိရှိကြဖို့နဲ့ ကိုယ့်ဆီကို အကြောင်းမရှိဘဲ ရောက်လာတဲ့ မက်ဆေ့ချ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေကို အလွယ်တကူမယုံကြည်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
ဘယ်လိုငွေကြေးလွှဲပြောင်းမှုမျိုးကိုမဆို မလုပ်ဆောင်ခင်မှာ လိမ်လည်မှုရဲ့ သားကောင်မဖြစ်ရလေအောင် အချက်အလက်အားလုံးကို သေချာစစ်ဆေးသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
တကယ်လို့ ကိုယ်တိုင် သို့မဟုတ် အခြားသူတစ်ဦးဦး အွန်လိုင်းရာဇဝတ်မှုရဲ့ ပစ်မှတ်ထားခံရတယ်လို့ သံသယရှိရင် ဒါမှမဟုတ် တွေ့မြင်ခဲ့ရင် တရားဝင်ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.thaipoliceonline.go.th ဒါမှမဟုတ် ဆိုက်ဘာရဲတပ်ဖွဲ့ရဲ့ ဟော့လိုင်းနံပါတ် 1441 ကို ၂၄ နာရီပတ်လုံး ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားပါတယ်။
Crd- ဘန်ကောက်ပို့စ် သတင်းကို အခြေခံ၍ ရေးသားဖော်ပြသည်။