ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်ထရာနဲ့ ဟွန်ဆန်တို့ သီးသန့်ပြောဆိုခဲ့တဲ့ အသံဖိုင် ပေါက်ကြားသွားပြီးနောက် သူ့ကို ရာထူးကနေ နှုတ်ထွက်ဖို့ တောင်းဆိုမှုတွေ ပြင်းထန်လာစေခဲ့တာပါ။
အခုတော့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ဖယ်ထုံတန်ကို ဝေဖန်တိုက်ခိုက်သူတွေအတွက် အသုံးချလို့ရမယ့် အချက်အလက်တွေကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လာခဲ့ပြန်ပါပြီ။
ဟွန်ဆန်က သူ့အနေနဲ့ တစ်ချိန်က ဖယ်ထုံတန်ရဲ့ ဖခင်ဖြစ်သူ (ဝန်ကြီးချုပ်ဟောင်း သက်ဆင်) နဲ့ အဒေါ်ဖြစ်သူ (ဝန်ကြီးချုပ်ဟောင်း ယင်လပ်) တို့ကို ခိုလှုံခွင့်ပေးခဲ့ဖူးတယ်ဆိုတဲ့အကြောင်း လူသိရှင်ကြား ပြန်အမှတ်ရစေခဲ့ပါတယ်။
ဒါတင်မကသေးဘူး၊ ဖယ်ထုံတန်က သူ့အိမ်ကို လာလည်တုန်းက သက်ဆင်နဲ့ ယင်လပ်တို့ တည်းခိုခဲ့တဲ့ အခန်းတွေကို သွားကြည့်နေတဲ့ ဓာတ်ပုံတွေကိုပါ ထုတ်ပြန်လိုက်ပါတယ်။
ဟွန်ဆန်ရဲ့ ပြောပြချက်အရ ဧပြီလတုန်းက ဖယ်ထုံတန် ကမ္ဘောဒီးယားကို တရားဝင်အလည်အပတ်လာရောက်တုန်းက မိသားစုနှစ်စုဟာ သူ့အိမ်မှာ တွေ့ဆုံပြီး အတူတူ ညစာစားခဲ့ကြပါတယ်။
ဖယ်ထုံတန် ထိုင်းနိုင်ငံကို မပြန်ခင်မှာ သူ့အဖေနဲ့ အဒေါ်တို့ တည်းခိုခဲ့တဲ့ အခန်းတွေကို ကြည့်ချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်တဲ့။ သူ့အိမ်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်းနှစ်ယောက်အတွက် သီးသန့်အခန်းနှစ်ခန်းတောင် ရှိတယ်လို့ ဆိုပါတယ်။
တစ်ခန်းကို “သက်ဆင်အခန်း”၊ နောက်တစ်ခန်းကို “ယင်လတ်အခန်း” ဆိုပြီး နာမည်ပေးထားတာပါ။ ဖယ်ထုံတန်က အဲဒီအခန်းတွေကို သွားကြည့်တုန်းက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်သွားခဲ့တယ်လို့လည်း ဟွန်ဆန်က ပြောပါတယ်။
ဒါပေမဲ့ အခုတော့ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့တဲ့ မိသားစုနှစ်စုကြားက ဆက်ဆံရေးဟာ ဖုန်းပြောဆိုမှု ပေါက်ကြားသွားပြီးနောက်မှာ အဆုံးသတ်သွားပြီလို့ ဟွန်ဆန်က ပြောပါတယ်။
ဒီကိစ္စကို ကမ္ဘောဒီးယားအရာရှိတစ်ဦးက ဖောက်သည်ချခဲ့တာဖြစ်ပြီး အဲဒီအရာရှိက သူ (ဟွန်ဆန်) နဲ့ လက်ရှိ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဖြစ်တဲ့ သူ့သား ဟွန်မာနက်တို့ဟာ ကျွမ်းကျင်ပိုင်နိုင်မှုမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေအပေါ် မကျေနပ်လို့ အခုလို လုပ်လိုက်တာဖြစ်တယ်လို့ ဟွန်ဆန်က အကြောင်းပြခဲ့ပါတယ်။
ဒီသတင်းက ရိုးရိုးရှင်းရှင်း သတင်းမဟုတ်ပါဘူး။ ထိုင်း-ကမ္ဘောဒီးယား နိုင်ငံရေးရဲ့ ရှုပ်ထွေးတဲ့ နောက်ခံသမိုင်းနဲ့ မိသားစုနှစ်ခုရဲ့ အလွန်နက်ရှိုင်းတဲ့ ဆက်ဆံရေးကို ဖော်ပြနေတာပါ။
ဟွန်ဆန်နဲ့ သက်ဆင်ရှင်နာဝပ်ထရာတို့ဟာ ဆယ်စုနှစ်နဲ့ချီပြီး မိတ်ဆွေတွေ၊ နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ကြပါတယ်။ နှစ်ယောက်စလုံးဟာ အာဏာပြ ကစားရတာကို ကြိုက်တဲ့၊ ကိုယ့်လူကိုယ့်ဘက်သားကို အရမ်းဦးစားပေးတဲ့ ခေါင်းဆောင်မျိုးတွေပါ။
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလို့ သက်ဆင် (၂၀၀၆) နဲ့ သူ့ညီမ ယင်လပ် (၂၀၁၄) တို့ ထွက်ပြေးရတဲ့အခါ ဟွန်ဆန်က ကမ္ဘောဒီးယားမှာ လုံခြုံစွာ ခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဒါက ရိုးရိုး ခင်မင်မှုအရ ကူညီတာထက်ပိုပါတယ်။ ထိုင်းစစ်တပ်နဲ့ တော်ဝင်အသိုင်းအဝိုင်းကို နိုင်ငံရေးအရ စိန်ခေါ်လိုက်တာလည်း ဖြစ်ပါတယ်။ သက်ဆင်ကို သူ့ရဲ့ စီးပွားရေးအကြံပေးအရာရှိအဖြစ်တောင် ခန့်အပ်ခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်တစ်ယောက်ရဲ့ သီးသန့်ဖုန်းပြောဆိုမှုကို တခြားနိုင်ငံက ခေါင်းဆောင်တစ်ဦးက အသံခိုးဖမ်းတယ်ဆိုတာ ထိုင်းပြည်သူတွေနဲ့ အတိုက်အခံတွေအတွက် အချုပ်အခြာအာဏာကို စော်ကားတာလို့ မြင်ကြပါတယ်။
ဒါက ဖယ်ထုံတန်ကို အတွေ့အကြုံမရှိတဲ့၊ နိုင်ငံတကာဆက်ဆံရေးမှာ ပေါ့လျော့တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ပုံဖော်ဖို့ အကောင်းဆုံး အကွက်ဖြစ်သွားပါတယ်။
ထိုင်းနိုင်ငံရေးမှာ ရှင်နာဝပ်ထရာ မိသားစုကို မလိုလားတဲ့ တော်ဝင်၊ စစ်တပ်နဲ့ ရှေးရိုးစွဲအုပ်စုတွေက သူတို့ကို “နိုင်ငံအကျိုးထက် မိသားစုနဲ့ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်တယ်” လို့ အမြဲတမ်း စွပ်စွဲလေ့ရှိပါတယ်။
အခုလို ဟွန်ဆန်နဲ့ မိသားစုလို ရင်းရင်းနှီးနှီး ဆက်ဆံပြီး နောက်ကွယ်မှာ အပေးအယူလုပ်တယ်ဆိုတဲ့ ပုံစံက အဲဒီစွပ်စွဲချက်တွေကို ပိုခိုင်မာစေသလို ဖြစ်နေပါတယ်။
ဟွန်ဆန်ဟာ နိုင်ငံရေးမှာ အရမ်းကလိမ်ကျွမ်းတဲ့ ဝါရင့်ခေါင်းဆောင်ကြီးပါ။ ဒီလိုကိစ္စတွေကို ဒေါသအလျောက် လုပ်တာမျိုး မဟုတ်ပါဘူး။ အားလုံးက နိုင်ငံရေး တွက်ချက်မှုတွေနဲ့ ပြည့်နေပါတယ်။
သူက “ငါ့ကို လွယ်လွယ်မထင်နဲ့၊ မင်းအဖေနဲ့ မင်းအဒေါ်ကို ငါကယ်ထားဖူးတယ်။ မင်းရဲ့ နိုင်ငံရေးအနာဂတ်ကို ငါဖန်တီးပေးလို့ရသလို ဖျက်ဆီးပစ်လို့လည်း ရတယ်” ဆိုတဲ့ သတင်းစကားကို ဖယ်ထုံတန်ကိုရော၊ ထိုင်းနိုင်ငံရေး အသိုင်းအဝိုင်းကိုပါ ပေးလိုက်တာပါ။
အခုလို မိသားစုအတွင်းရေးကိစ္စတွေ၊ သီးသန့်အခန်းတွေအကြောင်း ဖွင့်ချလိုက်တာက ပက်ထုံတန်ကို လူပုံအလယ်မှာ အရှက်ရစေပြီး သူ့အပေါ် မှီခိုနေရတယ်ဆိုတဲ့ ပုံရိပ်ကို ဖန်တီးလိုက်တာပါ။ နောင်တစ်ချိန်မှာ ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးမှာ သူလိုချင်တာကို တောင်းဆိုတဲ့အခါ အသာစီးရအောင် ကြိုပြီး ဖိအားပေးထားတဲ့ သဘောပါပဲ။
ဖယ်ထုံတန်ဟာ ကျားနှစ်ကောင်ကြားက ကြောင်သူတော်ဖြစ်နေပါတယ်။ တစ်ဖက်မှာ သူ့ကို နိုင်ငံရေးအရ အကြီးအကျယ် ထောက်ပံ့ပေးခဲ့တဲ့ ဟွန်ဆန်ရဲ့ မျက်နှာကို မကြည့်လို့ မရသလို၊ နောက်တစ်ဖက်မှာလည်း ပြည်တွင်းက အတိုက်အခံတွေရဲ့ “တိုင်းတပါးအကျိုးစီးပွားကို ဆောင်ရွက်သူ” ဆိုတဲ့ စွပ်စွဲချက်ကို ချေဖျက်ရမှာပါ။ ဒီကိစ္စက နှစ်နိုင်ငံကြားက မိသားစုဆက်ဆံရေး အက်သွားတာထက် ဖယ်ထုံတန်ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုအပေါ် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာခဲ့တာကတော့ အသေအချာပါပဲ။
Crd- ထိုင်းသတင်းများ