၁၉၄၅ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် နိုင်ငံရေးကိုစိတ်ပါဝင်စားကြသော မွန်တိုင်းရင်းသားအချို့က မွန်တိုင်းရင်းသားအစည်းအရုံးကို ဗဟန်း ရေတာရှည် မွန်ကျောင်း၌ ဖွဲ့စည်းတည်ထောင်ကြသည်။
မွန်တိုင်းရင်းသားအစည်းအရုံးတွင် ဥက္ကဌအဖြစ် မွန်ဘိုးချိုနှင့် အတွင်းရေးမှူးအဖြစ် မွန်သန်းတို့က ဆောင်ရွက်ကြသည်။
မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလ အဖွဲ့ချုပ်နှင့် ဆက်သွယ်ပြီး မွန်ဘိုးချိုနှင့် မွန်သန်းတို့ ဖဆပလ အမှုဆောင်များဖြစ်လာကြသည် ။
ဖဆပလ သည် မွန်တိုင်းရင်းသားအစည်းအရုံးကို နိုင်ငံရေးပါတီ အဖွဲ့အစည်းအနေဖြင့် အသိအမှတ်မပြုဘဲ သာမာန်လူထုအဖွဲ့အစည်းအနေဖြင့်သာ လက်ခံသည်။
မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလအဖွဲ့ချုပ်နှင့် ဆက်သွယ်ပြီးသည့် နောက်ပိုင်းတွင် ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့တွင်လည်း ပါဝင်ခဲ့ကြသည့် မွန်ဘိုးချို ၊ မွန်သန်း နှင့် မွန်ထွန်းရင်တို့သည် ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ မှ နှုတ်ထွက်ရန်အကြောင်းပေါ်ပေါက်လာသည်။
ရာမည တိုင်းလုံးဆိုင်ရာ မွန်အဖွဲ့တွင် လခစားဝန်ထမ်းများ ပါဝင်ကြသဖြင့် နိုင်ငံရေးလုပ်သူများ ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့တွင် ပါဝင် သင့်/မသင့် ကို ၁၉၄၆ ခုနှစ် မတ်လ၌ သွေးဆေးကန်မွန်ကျောင်းတွင် ကျင်းပသော ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ညီလာခံ၌ ဆွေးနွေးခဲ့ကြသည် ။
ညီလာခံက မပါဝင်သင့်ဟုဆုံးဖြတ်လိုက် သဖြင့် မွန်ဘိုးချို ၊ မွန်သန်းနှင့် မွန်ထွန်းရင်တို့ ရာမည တိုင်းလုံးဆိုင်ရာ မွန်အဖွဲ့မှ နှုတ်ထွက်ခဲ့ရသည်။
(၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးတတိယတွဲ) ရန်ကုန်တက္ကသိုလ်များပုံနှိပ်တိုက်၊ ၁၉၉၁-စာ ၂၅၈-၃၃၂။



