မွန်အမျိုးသားတို့သည် မြန်မာနိုင်ငံအောက်ပိုင်းတွင်နေထိုင်ကြသည်။ အထူးသဖြင့် သထုံခရိုင် ပေါင် မြို့နယ် ၊ ကျိုက္ခမီခရိုင် ၊ ရေး ၊ မုဒုံ ၊ ချောင်းဆုံ ၊ ကျိုက္ခမီ ကျိုက်မရောမြို့နယ်တို့မှာ မွန်တို့အများဆုံးနေထိုင်သောဒေသများဖြစ်ကြသည်။
လူမျိုးစုပြည်နယ်များ ဖေါ်ထုတ်ရာ၌ လိုအပ်သောအင်္ဂါရပ်များဖြစ်ကြသော
၁။ လူမျိုးတစ်မျိုး၏ နောက်ခံရာဇဝင်
၂။ ဘာသာစကား စာပေ ယဉ်ကျေးမှု
၃။ နယ်မြေ
၄။ စီးပွါးရေးအခြေခံ
စသည့်အင်္ဂါရပ်များ မွန်တိုင်းရင်းသားတို့တွင် ပြည့်စုံစွာ ရှိသဖြင့် ပြည်နယ်ပေးထိုက်သည်ဟု မွန်ခေါင်းဆောင်များက ခံယူထားကြသည်။
စင်စစ် ဂျီစီဘီအေခေတ်မှစ၍ မြန်မာ့နိုင်ငံရေးကြိုးပမ်းမှုတစ်လျှောက်လုံးတွင် မွန် ၊ ဗမာ၊ ရခိုင် စသော တိုင်းရင်းသားအားလုံး၏အရေး၌ မွန်အမျိုးသားတို့သည် ဦးစီးခေါင်းဆောင်ပြုခဲ့ကြသည်။
မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုအရှိန်အဟုန်မြင့်မားလာသည်နှင့် အမျှ မွန်တိုင်းရင်းသားတို့၏ အမျိုးသားရေးလှုပ်ရှားမှု သည်လည်း တဖြည်းဖြည်းမြင့်မားလာခဲ့သည်။
တို့ဗမာ အစည်းအရုံးဝင် သခင်များ၏ “ ဗမာစာသည် တို့စာ ၊ ဗမာစကားသည် တို့စကား ၊ ဗမာပြည်သည် တို့ပြည်” စသည့်ကြွေးကြော်သံများသည် မွန် ၊ မြန်မာ ၊ ရခိုင် ၊ ချင်း ၊ ကရင် ၊ ကချင် ၊ ကယား စသော တိုင်းရင်းသား တို့၏ အမျိုးသားစိတ်ဓါတ်နိုးကြားစေရန် တပ်လှန့်လှုံ့ဆော် ဖန်တီးခဲ့သည်။
မွန်တိုင်းရင်းသားတို့သည် တဖြည်းဖြည်းနှင့် စုစည်းညီညွတ်လာကြပြီး မိမိတို့ အမျိုးဘာသာ ယဉ်ကျေးမှု ထွန်းကားရေးအတွက် သာသနာ ၊ စာပေ ၊ ယဥ်ကျေးမှုထွန်းကားရေးအတွက် အသင်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း နားလည်သဘောပေါက်ခဲ့ကြသည်။
သို့ရာတွင် ဒုတိယ ကမ္ဘာစစ်မတိုင်မီက မွန်အဖွဲ့အစည်းများသည် ပြည်နယ်ပေးရန် တောင်းခံခြင်းမပြုကြပဲ ၎င်းတို့ရသင့်ရထိုက် သည့်အခွင့်အရေးများကိုသာ ပေးရန်တောင်းဆိုခဲ့ကြသည်။
*(၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေးတတိယတွဲ) ရန်ကုန်တက္ကသိုလ်များပုံနှိပ်တိုက်၊ ၁၉၉၁-စာ ၂၅၈-၃၃၂။














































