စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲ ဆိုထားသော်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ကျေးရွာတစ်ရွာကို ယနေ့ ဇွန်လ ၉ ရက်နေ့က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး အပါအဝင် အပြစ်မဲ့ မွန်ရွာသား ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
ကျိုက်မရောမြို့နယ်နှင့်အစပ် ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာအတွင်းသို့ ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံး ၄ လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး လူကြီး ၂ ဦးနှင့် ကလေးငယ် ၃ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ အခြားရွာသား ၇ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ရှေ့တန်းသတင်းအရင်းမြစ်က အတည်ပြုခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ (၇) ရက်ကလည်း ကျုံဒိုးမြို့အနီး အုန်းတစ်ပင်ရွာကို စစ်ကောင်စီဗုံးကြဲခဲ့ရာ နေအိမ်အဆောက်အဦအချို့ မီးလောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုင်ရပ်ကျေးရွာနှင့် အနီးတစ်ဝိုက်ဒေသသည် ရာမညမွန်တပ်တော် (RMA) လှုပ်ရှားရာဒေသဖြစ်ပြီး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းစစ်ကြောင်းများကလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိသည့် နေရာဖြစ်သည်။
ကော့ကရိတ်မြို့နယ်သည် ထိုင်း-မြန်မာ ကုန်သွယ်ရေးအတွက် အဓိကကျသော အာရှလမ်းမကြီးပေါ်တွင် တည်ရှိပြီး၊ KNU/PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြား ထိန်းချုပ်နိုင်ရန်အတွက် လပေါင်းများစွာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော စစ်ရေးအချက်အချာကျသည့် နေရာတစ်ခုဖြစ်သည်။
အထူးသဖြင့် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ရန် စေလွှတ်ခဲ့သည့် ‘အောင်ဇေယျ’ စစ်ကြောင်း သည် ဒေါနတောင်တန်းတွင် KNU ပူးပေါင်းတပ်များ၏ ပြင်းထန်သော ခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးအလွန်များပြားကာ ရှေ့မတိုးနိုင်ဘဲ စစ်ရေးအရ အထိနာခဲ့သည်။
‘အောင်ဇေယျ’ စစ်ကြောင်းသည် လူအင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာအများအပြား ဆုံးရှုံးခဲ့ပြီးနောက် ကော့ကရိတ်မြို့သို့ပင် ပြန်လည်မရောက်ရှိနိုင်ဘဲ လမ်းခုလတ်တွင် ပိတ်မိကာ ပြိုကွဲလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ဖော်ပြခဲ့ကြသည်။
ယခုကဲ့သို့ မြေပြင်စစ်ကြောင်းများ အောင်မြင်မှုမရသည့်အတွက် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအားကိုးလာပြီး၊ ၎င်းတို့၏ တိုက်ခိုက်မှုများသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို ခွဲခြားနိုင်ခြင်းမရှိဘဲ အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှု မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။
ယခု ပိုင်ရပ်ရွာ ဖြစ်စဉ်သည် စစ်ကောင်စီ၏ ‘ငြိမ်းချမ်းရေး’ နှင့် ‘အပစ်အခတ်ရပ်စဲရေး’ ကြေညာချက်များသည် လက်တွေ့မြေပြင်အခြေအနေနှင့် ကင်းလွတ်နေပြီး၊ ၎င်းတို့ စစ်ရေးအရ အရေးနိမ့်နေသည့် ဒေသများတွင် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသည်။
Photo- ပိုင်ရပ်ရွာ နေရာပြ မြေပုံကြမ်း (Google)




