ပဲခူးတိုင်း ရွှေကျင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ထောင်နှင့်ချီသော ဒေသခံများသည် မွန်ပြည်နယ် သိမ်ဇရပ်မြို့သို့ စစ်ဘေးရှောင်လာကြရသည်ဟု သိရသည်။
ဧပြီ ၂၃ ရက်မှစတင်ပြီး ကွမ်းဆိပ်ကျေးရွာအနီးတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုနှင့်အတူ မြေပြင်တိုက်ပွဲများကြောင့် သိမ်ဇရပ်မြို့တွင် အခြားဒေသမှ လူဦးရေ ၁၀၀၀ ကျော် စစ်ဘေးရှောင် ရောက်ရှိလာနေကြပြီး စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြောင်း မြို့ခံများက ပြောကြသည်။
လက်ရှိတွင် စစ်ရှောင်များသည် သိမ်ဇရပ်မြို့ရှိ ဘုန်းကြီးကျောင်းများ၊ ဓမ္မာရုံများနှင့် ဆွေမျိုးအိမ်များ၌ နေထိုင်ရေးအဆင်ပြေသော်လည်း စားသောက်စရာနှင့်ဆေးဝါးများ လိုအပ်နေဆဲဖြစ်သည်။
ဝေါမြို့နယ်မှ လက်ပံကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များမှ ခရွဲအုပ်စု၊ ပျဥ်းကတိုးကုန်းအုပ်စုတို့ကို ပစ်ခတ်နေကြောင်း၊ တိုက်ပွဲအတွင်းတွင် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ပစ်ကူပေးနေသဖြင့် ဒေသခံများသည် ကျေးရွာများ၌ မနေရဲတော့ဘဲ မြို့ပေါ်သို့ တိမ်းရှောင်လာရသည်။
အလားတူ ကျိုက်ထိုမြို့နယ်၌လည်း နေ့စဉ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ခရွဲ၊ သုံးခွ၊ မုက္ခမော့၊ ချောင်းဝ၊ ရေကျော်အပါအဝင် ကျေးရွာ ၁၅ ရွာမှ ဒေသခံ ၄၀၀၀ ဝန်းကျင် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်များ၊ စိုက်ခင်းများနှင့် လူနေမှုဘဝအခြေအနေများ ထိခိုက်နစ်နာနေပြီး၊ ပြည်သူအများစုသည် တောတောင်ခြံများသို့ ပြောင်းရွှေ့နေရကြသည်။
လက်နက်ကြီးများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး၊ လူနေအိမ်များပေါ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သဖြင့် တိမ်းရှောင်သူများအနေဖြင့် အစားအစာ၊ ဆေးဝါးနှင့် ယာယီနေရာများကို အလျင်အမြန်လိုအပ်နေကြသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း၌လည်း စစ်ကောင်စီ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ကျိုက်ထိုမြို့နယ်မှ စစ်ဘေးဒုက္ခသည် ၂၂,၀၀၀ ကျော် တိမ်းရှောင်ခဲ့ရသည်။

ပုံစာ- ၂၀၂၂ ခုနှစ်က ကျိုက်ထိုစစ်ဘေးရှောင်များ (ပုံအဟောင်း)




































