ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကျုံဒိုးမြို့များမှ စစ်ရှောင်ရန်ကြိုးစားနေသည့် မြို့ခံများအား မြို့ထဲကနေ စစ်ကောင်စီက ထွက်ပြေးခွင့်မပြုကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက “ကော့ကရိတ်နဲ့ ကျုံဒိုးမြို့မှာ ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ် ဒီနေ့ မနက်ကစပြီး ညနေအထိ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်၊ မြို့ထဲကနေ ဘယ်သူ့ကိုမှ ထွက်ခွင့်မပေးဘူး” ဟု ပြောသည်။
လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား အပြန်အလှန်ထိုးစစ်ဆင်ရေးများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ စကခ(၁၂) စစ်ဆင်ရေးဌာနချုပ်ကို ဝိုင်းဝန်း၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ သို့ရာတွင် နှစ်ဖက်စလုံးက စစ်အင်အားအပြည့်ဖြင့် အပြန်အလှန်တိုက်ခိုက်နေသောကြောင့် အကျအဆုံးများကြောင်း သတင်းရရှိသည်။
တောင်ပိုင်းဒေသ စစ်ရေးစောင့်ကြည့်သူတစ်ဦးက “ဒီတိုက်ပွဲဟာ တောင်ပိုင်းစစ်မျက်နှာစာမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ ဒီဒေသကို ထိန်းချုပ်နိုင်ရင်တော့ ဖားအံဒေသကိုပါ ထပ်မံခြိမ်းခြောက်နိုင်တယ်” ဟု ဆိုသည်။
ကျုံဒိုးမြို့သည် စစ်ကောင်စီအတွက် တပ်ထောက်ပံ့ရေးလမ်းကြောင်းအတွက် အရေးကြီးသော ချိတ်ဆက်မှုပြုလုပ်သည့်နေရာဖြစ်သလို စကခ(၁၂) သည် အောင်ဇေယျစစ်ကြောင်းသို့ ထောက်ပံ့မှုများပြုလုပ်ရာနေရာဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးဖွဲ့တပ်များက ဤမြို့နှစ်မြို့ကို ဦးတည်ကာ အဓိက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။
အခြားတစ်ဖက်တွင် BGF နှင့် DKBA ခွဲထွက်အချို့ကလည်း စစ်ကောင်စီတပ်ဖွဲ့များအား ထောက်ပံ့ရေးလမ်းကြောင်းတွင် အကူအညီပြုလုပ်ပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ညွှန်ပြနေသည်။
Photo- စစ်ကောင်စီ၏ ခံစစ်အနေအထား








































