မြန်မာနိုင်ငံမှ တရားမဝင်တင်သွင်းထားသည့် အစားအသောက်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် ဆေးဝါးများထားရှိသော ဂိုထောင်တစ်ခုကို ဆူရတ်ဌာနီပြည်နယ်၌ ထိုင်းအာဏာပိုင်တို့ ယမန်နေ့က ရှာဖွေတွေ့ရှိ ဖမ်းဆီးသိမ်းဆည်းခဲ့သည်။
ထို့အတူ ဂိုထောင်ပိုင်ရှင် မစ္စတာချုပ်ချိုင်းကို ဖမ်းဆီးခဲ့ပြီး တရားမဝင်ကုန်ပစ္စည်းများကို သက်သေအထောက်အထားအဖြစ် သိမ်းဆည်းခဲ့သလို ခွန်တလေရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆူရတ်ဌာနီပြည်နယ် ခွန်တလေမြို့နယ်အတွင်းရှိ ကျေးရွာအမှတ် (၃) တွင် မြန်မာနိုင်ငံသားတစ်ဦးနှင့် အိမ်ထောင်ကျထားသည့် ထိုင်းနိုင်ငံသား တစ်ဦး၏ မြန်မာကုန်စုံဆိုင်တစ်ခုကို ဒေသခံများ၏ သတင်းပေးချက်အရ မတ်လ ၃ ရက်နေ့တွင် ဆူရတ်ဌာနီ အကောက်ခွန်၊ အခွန်၊ ပြည်သူ့ကျန်းမာရေးနှင့် အုပ်ချုပ်ရေးအရာရှိများနှင့် ပူးပေါင်းစစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့သည်။
Ref; Khaosod News

