မြန်မာနယ်စပ်ရှိ ကရင်နယ်ခြားစောင့် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် အပေါင်းအပါများအား လုံလောက်သောအချက်အလက်များရှိသဖြင့် ဖမ်းဝရမ်းထုတ်ရန် ထိုင်းနိုင်ငံ၏ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ယနေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း Khaosod English သတင်းက ဖော်ပြသည်။
BGF ခေါင်းဆောင်နှင့် အဖွဲ့သည် နယ်စပ်ဖြတ်ကျော်၍ စနစ်တကျ လူကုန်ကူးမှုများ ပြုလုပ်ခဲ့သည်ဟု DSI က စွပ်စွဲထားသလို ပြည်တွင်း/ပြည်ပမှ လူကုန်ကူးမှု လုပ်ငန်းစဉ်များနှင့် ဆက်စပ်နေသည့် အထောက်အထားများ လုံလောက်ပြီဖြစ်ကြောင်း DSI ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနစု ဒါရိုက်တာ ရဲမှူးကြီး Siriwit Kasemsuap က ပြောကြားသည်။
သို့သော် အမှုဆိုင်ရာ အသေးစိတ်အချက်များကို ရှေ့နေချုပ်ရုံး စိစစ်နေစဉ်ကာလအတွင်း လျှို့ဝှက်ထားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုတွင် ကျားဖြန့်ငွေလိမ်လည်ဂိုဏ်းများကို စနစ်တကျ အကာအကွယ်ပေးထားသော စစ်ကောင်စီလက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မုတ်သုန်နှင့် စောတင်ဝင်းတို့ကို ထိုင်း DSI ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်ခဲ့သည်ဟု သတင်းများက ဖော်ပြနေသည်။




































