ရေးမြို့နယ် မြောက်ပိုင်း၊ လမိုင်းမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၅ နာရီခန့်က လူငယ်တစ်ဦးအား လူတစ်စုက ထိုးကြိတ်ပြီး Wave-125 ဆိုင်ကယ်လုယူသွားကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဉ်မှာ မြို့မ (၃) ရပ်ကွက်၊ ဒုံဖီလမ်းရှိ အမှိုက်ပုံအနီးတွင် ဖြစ်ပွားခဲ့ပြီး လူ ၆ ဦးပါဝင်သည်ဟု သိရသည်။
အဆိုပါဒေသတွင် ဒေသခံ ရာဘာခြံလုပ်သားရှားပါးမှုကြောင့် မြန်မာစစ်တပ်မှ ခလရ ၁၀၆၊ ခမရ ၅၈၆-၅၈၇-၅၈၈ တပ်ရင်းများ၏ မိသားစုဆွေမျိုးများ ရွှေ့ပြောင်းနေထိုင်နေပြီး ဆင်းရဲမွဲတေမှုနှင့် ပညာရေး အားနည်းချက်များကြောင့် လူနေစရိုက်ကြမ်းတမ်းပြီး လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ဒေသခံတစ်ဦးက “မွန်လူငယ်အများစုက နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်ကြတယ်၊ စစ်မှုထမ်းဥပဒေထွက်လာတော့ လူငယ်တွေရပ်ရွာက ထွက်ပြေးရတော့ လုပ်သားပိုးပြီး ရှားပါးလာတယ်။ ဒီတော့ မျက်နှာစိမ်းတွေ ရာဘာခြံလုပ်သားအဖြစ် ရောက်လာတယ်၊ စာမတတ်ပေမတတ်ဘူး ဆင်းရဲကြတယ် စရိုက်ကြမ်းတယ် လက်ရဲဇက်ရဲရှိကြတယ် လုယက်မှုတွေ ပိုများလာတယ်” ဟု ရှင်းပြသည်။
ယခုလို လုယက်မှုများသည် ရေးမြို့နယ်အတွင်း ယခင်ကတည်းက မကြာခဏဖြစ်ပွားလေ့ရှိပြီး ဖေဖော်ဝါရီ ၅ ရက်တွင်လည်း သင်္ဃန်းကျွန်းကျေးရွာနေ လူငယ်နှစ်ဦး ဆိုင်ကယ်လုယက်ခံခဲ့ရဖူးသည်။
စစ်အုပ်ချုပ်ရေးအောက်ရှိ ရေးမြို့နယ်တွင် တရားဥပဒေစိုးမိုးမှု လုံးဝမရှိသလောက်ဖြစ်နေပြီး မွန်တော်လှန်ရေးတပ်ဖွဲ့ လှုပ်ရှားမှုများကြောင့် ရဲတပ်ဖွဲ့များ ထိရောက်စွာ အလုပ်မလုပ်နိုင်ခြင်းက ပြဿနာကို ပိုဆိုးစေသည်။




































