ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်မြို့သို့ နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဝင်ရောက်ခွင့်ကို ယနေ့ (ဖေဖော်ဝါရီ ၂၀) နံနက်မှစတင်၍ ရပ်ဆိုင်းလိုက်ကြောင်း ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများထံမှ သိရသည်။
သို့ရာတွင် ထိုတံတားမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ရက်ရှည် ဆေးကုသမှုခံယူသူများ၊ လည်ပတ်သူများ၊ ခေတ္တနေထိုင်သူများနှင့် ပညာသင်ကြားသူများ ၂ လဗီဇာဖြင့် သွားရောက်သူများအတွက် ယခုလို Passport ဖြင့် ကူးသန်းသွားလာခွင့် ရပ်ဆိုင်းခြင်းသည် အခက်အခဲများစွာကို ဖြစ်ပေါ်စေနိုင်သော်လည်း၊ TBP (ယာယီနယ်စပ်ဖြတ်သန်းခွင့်) တစ်ပတ်ကတ်ဖြင့် သွားလာခွင့်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ အလည်အပတ် Passport၊ ဗီဇာ အပါအဝင် အခြား Passport များဖြင့် သွားရောက်ခြင်းကို တာချီလိတ်မြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ဖြတ်သန်းခွင့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး၊ ယခုအခြေအနေသည် ယာယီသတ်မှတ်ချက်ဖြစ်သည်ဟု သတင်းအရင်းအမြစ်များက ဆိုသည်။
ယခုအချိန်တွင် Passport ဖြင့် ကူးသန်းသွားလာခွင့် ရပ်ဆိုင်းရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း၊ ယခင်က ကျားဖြန့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများကြောင့် ယခုလ ၅ ရက်မှ ၆ ရက်အထိ တစ်ရက်တာ Passport ဖြင့် ကူးသန်းသွားလာခွင့်ကို ယာယီရပ်ဆိုင်းခဲ့ဖူးသည်။
ထိုင်းနိုင်ငံသို့ နေ့စဉ် လူအများအပြား ဖြတ်သန်းသွားလာနေသည့် တာချီလိတ်-မယ်ဆိုင် နယ်စပ်ဖြတ်သန်းမှုသည် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆက်သွယ်မှုများအတွက် အရေးပါသည့် လမ်းကြောင်းဖြစ်သည်။
ထို့ကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းမှုများသည် နှစ်နိုင်ငံကြား ခရီးသွားလာသူများအတွက် များစွာ အဟန့်အတား ဖြစ်စေနိုင်သော်လည်း ယခုရပ်ဆိုင်းမှုသည် ယာယီသာဖြစ်ပြီး၊ နောက်ထပ်အခြေအနေများပေါ်မူတည်၍ ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်သည်ဟု မျှော်လင့်ရသည်။
Photo- ပုံဟောင်း
