ထောင်ဖာဖွန်- ၂၀၂၅ ဖေဖော်ဝါရီ (၈)
ထိုင်းမြန်မာနယ်စပ် စံခလပူရီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူကုန်သွယ်လမ်းကြောင်းမှ ဖမ်းဆီးအရေးယူမှုများကို ထိုင်းအမှတ် (၉) တပ်မဌာနချုပ်၌ ဖေဖော်ဝါရီ (၇) ရက်နေ့က သတင်းထောက်များအား ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
ကန်ချနပူရီပြည်နယ်၊ ထောင်ဖာဖွန်မြို့ရှိ အမှတ် (၉) ခြေလျင်တပ်မဌာနချုပ်၌ တပ်မမှူး ဗိုလ်မှူးချုပ် Atsadawut Panyaracun က ကြိုဆိုနှုတ်ခွန်းဆက်သပြီး ထိုင်းဘုရင့်တပ်မတော် (ကြည်း) ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်းဝန် ဗိုလ်မှူးကြီး Thitrach Sombatsiri၊ က သတင်းထောက် ၄၀ ကျော်ပါဝင်သောအဖွဲ့ကို ရှင်းလင်းပြောကြားသည်။
ဘုရားသုံးဆူသည် ထိုင်း-မြန်မာနယ်စပ်တွင် အရေးကြီးသော ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ကြောင်း၊ အဆိုပါ လမ်းကြောင်းကိုလည်း မှောင်ခိုလုပ်ငန်းများအတွက် အဓိကအသုံးပြုလေ့ရှိသောကြောင့် စောင့်ကြည့်ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ဖမ်းဆီးမှုများတွင် မူးယစ်ဆေးဝါးမှု၊ တရားမဝင်လူသွားလာမှုနှင့် နယ်စပ်တလျှောက် တရားမဝင် လှုပ်ရှားမှုမျိုးစုံကို ဟန့်တားနှိမ်နှင်းခဲ့ကြောင်း ပြောကြားသည်။
ထိုင်းတပ်မတော်အနေဖြင့် ယမန်နှစ် အောက်တိုဘာလမှ လက်ရှိအချိန်ထိ ဖမ်းဆီးမှုများတွင် call center ဂိုဏ်းများအသုံးပြုသောကရိယာ တရားမဝင်မိုဘိုင်းလ်ဖုန်းများနှင့် ထုတ်လွှင့်စက်များကို နိုင်ငံတော် ပြင်ပသို့ မှောင်ခိုသယ်ဆောင်ခြင်း ၁၁ မှု၊ မူးယစ်ဆေးဝါး ၅၃ မှုတွင် တရားခံ ၅၉ ဦးဖမ်းဆီးရမိခဲ့ပြီး စိတ်ကြွဆေးပြား ၂၆၂,၄၃၀ ပြားနှင့် ဘိန်းဖြူ ၂၅ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိကြောင်း၊ စံခလပူရီနှင့် ထောင်ဖာဖွန်မြို့နယ်တို့တွင် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ၇၉ မှုရှိခဲ့ပြီး လူပွဲစားနောက်လိုက်နှင့် ခေါင်းဆောင် စုစုပေါင်း ၉၄၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ၄င်းအပြင် လက်နက် ၁၈ မှု၊ ယစ်မျိုး ၆ မှု၊ ငါးလုပ်ငန်းဥပဒေ ၁ မှု၊ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေး ၃ မှု၊ ဓလေ့ထုံးတမ်းဥပဒေအရ ၅ မှုနှင့် မသင်္ကာဖွယ် ယာဉ်များကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ထိုင်းတပ်မတော်သည် နယ်စပ်လုံခြုံရေးမူဝါဒ “Seal Stop Safe” ကို အကောင်အထည်ဖော်လျက်ရှိရာ အထက်ပါ မှောင်ခိုမှုများကို ကာကွယ်ရန်နှင့် တရားမဝင်လုပ်ငန်းများကို ထိရောက်စွာ ဖမ်းဆီးနိုင်ရန် ရည်ရွယ်၍ ထိုင်းတပ်မတော်၏ နယ်ခြားကာကွယ်ရေးတပ်ဖွဲ့များတွင် ခေတ်မီကရိယာများကို တပ်ဆင်ထားကြောင်း၊ ထိုကရိယာများတွင် လေကြောင်းစောင့်ကြည့်ရေးဒရုန်း၊ အပူချိန်ဖမ်းကရိယာများ၊ ညအချိန်စောင့်ကြည့်ရေးကင်မရာများ၊ တုန်ခါမှုအာရုံခံကိရိယာများ၊ CCTV ကင်မရာများနှင့် UTV/ATV ယာဉ်များ ပါဝင်ကြောင်း သိရသည်။
ကန်ချနပူရီအခြေစိုက် ဆူရစီတပ်ဖွဲ့သည် ထိုင်းနိုင်ငံအနောက်ဘက်တွင် ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနပူရီခရိုင်မှ ပရာကျွတ်ခီရီခန်ခရိုင်အထိ ကီလိုမီတာ ၈၄၀ ခန့်တွင် ဖြန့်ကြက်ထားသလို ကန်ချနပူရီပြည်နယ်ရှိ မြို့နယ် ၅ ခုတွင် မြန်မာနှင့်နယ်နိမိတ်ထိစပ်နေရာ ၃၆၅ ကီလိုမီတာခန့်၌ ဝင်ထွက်လမ်းကြောင်း ၄၃ ခုရှိပြီး အရေးကြီးဆုံးလမ်းကြောင်းမှာ Phra Chedi Sam Ong ခေါ်သည့် ဘုရားသုံးဆူ လမ်းကြောင်းဖြစ်သည်ဟု သိရသည်။

Souecr; ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี