ရေး ၊ ၂၀၂၅ ဖေဖေါ်ဝါရီ (၂)
မွန်ပြည်နယ် ရေးမြို့မရဲစခန်းအတွင်း ဖေဖေါ်ရီလ ၁ ရက်နေ့နံနက်ပိုင်းက အချုပ်ခန်းမှ အချုပ်သားအချို့ ရဲတပ်သားထံမှ သေနတ်လုယူပြီး ထွက်ပြေးမှုဖြစ်ပွားခဲ့သဖြင့် ရေးမြို့မရဲစခန်းနှင့် ပတ်ဝန်းကျင်အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ပြီး ထွက်ပြေးသူ အချုပ်သား ၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ဒုရဲအုပ် နိုင်လွင်ဦး နှင့် ရဲတပ်သားများက အချုပ်သားများထံသို့ ထမင်းပုံးများပေးအပ်စဉ် အချုပ်သားများက သေနတ်လုယူပစ်ခတ်ကာ ထွက်ပြေးကြသဖြင့် ဒုရဲအုပ် နိုင်လွင်ဦး၊ တပ်ကြပ် မြင့်ထွန်းနှင့် ရဲတပ်သား ကျော်စွာထက် တို့မှာ သေဆုံးခဲ့ပြီး အနီးရှိ စခန်းမှူး ဒုရဲမှူး မြင့်ဦးမှာ ရင်ဘတ်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲကြောင်း ရေးမြို့မရဲစခန်းနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောကြားသည်။
“ပစ်ခတ်မှုက ၉ နာရီကနေ ၁၂ ခွဲအထိ ရဲစခန်းရော၊ ရဲစခန်းဝန်းကျင်၊ ထွက်ပြေးတဲ့ရပ်ကွက်အချို့မှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်၊ အချုပ်သားတွေက ကစဉ့်ကလျားတော့ဖြစ်သွားတယ်၊ အပြန်အလှန်လဲပစ်ကြတာရှိတယ်၊ အချုပ်သား ၈ ဦးတော့သေတယ်၊ ရေးက ၅ ဦးပါတယ်၊ ကျန်တာက အခြားမြို့ကပဲ၊ ၂ ဦးတော့လွတ်သွားတယ်၊ ရှင်လျက်မိသူတွေလည်းရှိတယ် ” ဟု အဆိုပါသတင်းအရင်းအမြစ်က ပြောကြားသည်။
လွတ်မြောက်သွားသူ အချုပ်သား ၂ ဦးအနက် ၁ ဦးမှာ ရေးဘီလူးစခန်းသို့ ရောက်ရှိသွားခဲ့ကြောင်း ရေးဘီလူးမှ ဓါတ်ပုံနှင့်တကွ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ထုတ်ပြန်ထားသည်။
ရေးရဲစခန်းအတွင်း ယခုကဲ့သို့ ပစ်ခတ်ထွက်ပြေးမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်တာဝန်ရှိသူအချို့ အချုပ်သားများနှင့် လာရောက်တွေ့ဆုံသူများအပေါ် သတိပေါ့လျော့စွာ ဆက်ဆံဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်အချို့က ပြောဆိုသည်။


See insights and ads
All reactions:
4545