၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် နိုင်ငံရေး အာဏာလုမှု ဖြစ်ပွားရာ တနိုင်ငံလုံး နိုင်ငံရေးဘေးဒုက္ခ ခံစားခဲ့ရသည်။ လူ့အဖွဲ့အစည်းစနစ် သည် နိုင်ငံရေး ရပ်တည်ချက်ကြောင့် အုပ်စုများခွဲကာ လူ့အဖွဲ့အစည်း နှစ်ခြမ်းကွဲသည် အနေအထား ဖြစ်ခဲ့သည်။
မြန်မာစစ်တပ်သည် နိုင်ငံရေးအာဏာရယူကာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုစနစ်ကို သွတ်သွင်းကာ မြန်မာ့နိုင်ငံရေး ကို ဆက်လက် ကြိုးကိုင်ခဲ့သည်။ ရှေးယခင် ခွဲခြားသတ်မှတ်ထားသော တိုင်းရင်းသားများနှင့် နယ်စပ်ဒေသအရေးကို အထူးအလေးပေး ဆောင်ရွက်လာခဲ့သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို တည်ဆောက်သည်။ ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (တိုင်းရင်းသားများ ဗမာဓလေ့ သွတ်သွင်းရေး) ကို အားကောင်းအောင် ထောက်ပံ့သည်။
ပြည်ထောင်စု ဘာသာရပ်ကို မနုဿဗေဒ ဆရာ၊ ဆရာမ အကူအညီဖြင့် သင်ကြားစေသည်။ တိုင်းရင်းသား ၁၃၅ မျိုးကို စတင် တီထွင်ကာ လူမျိုးစု ( တိုင်းရင်းသား ဟုတ်မဟုတ် စီစစ်ရေး) ကို ကိုင်တွယ်လာသည်။
မြန်မာစစ်တပ်သည် သူ၏ နိုင်ငံရေး ပါဝင်မှုကို တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ကို ပြယုဂ်အဖြစ် အမှတ်လက္ခဏာပြုကာ တည်ထောင်လာသည်။ ထိုအမှတ်လက္ခဏာ တည်မြဲ ဆောင်ရွက်နိုင်ရေးကို ဉပဒေအဖြစ် အကောင်အထည်ဖော်လာကာ မြန်မာ့ နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဌာကို ထပ်မံ ဆောင်ရွက်သည်။
တစ်ခြားတစ်ဖက်တွင် လူအဖွဲ့အစည်း အတွင်းရှိ တိုင်းရင်းသား၊ နိုင်ငံသား ဟုတ်မဟုတ် စီစစ်ရေးကိုကား ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအဖြစ် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ စစ်တပ်၏ နိုင်ငံရေး အမှတ်လက္ခဏာ ဖော်ဆောင်မှုကို သက်သေပြနိုင်သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ကို ဆောင်ရွက်သည်။
ထိုနောက် ၁၉၉၃ ခုနှစ်၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ [နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၁/၉၃]ရန်ကုန်မြို့၊ ၁၃၅၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၁ ရက် (၁၉၉၃ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်) တွင် ပြဌာန်းနိုင်ခဲ့သည်။
ရည်ရွယ်ချက်မှာ –
(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသော ဦးတည်ချက်များနှင့်အညီ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ စီးပွား ရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊
(ခ) တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကို မြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်၊
(ဂ) တိုင်းရင်းသား လူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊
(ဃ) စီးပွားရေးလုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် မူးယစ်ဆေးဝါးစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းစေရန်၊
(င) နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကို ထိန်း သိမ်းရန်။ တို့ဖြစ်ကြသည်။
ထို ဥပဒေ သည် စစ်တပ်၏ တိုင်းရင်းသားလူမျိုး ဖော်ဆောင်ရေးကို နယ်မြေလုံခြုံရေး၊ စစ်အထောက်အပံ့ ရရှိရေး၊ အရှေ့မြောက် ဒေသ ဘိန်းကုန်ကူးနိုင်ရေးတို့ကို ဖော်ဆောင်ပေးနိုင်သည်အထိ တည်မြဲလာခဲ့သည်။
အခြားတစ်ဖက်တွင် နိုင်ငံသားစိစစ်အရေးကို နဂါးစစ်ဆင်ရေး တို့ဖြင့် ဆောင်ရွက်ခဲ့သည်။ စစ်တပ်သည် ဝါဒ၊ ပါတီ၊ ဥပဒေ၊ institutions ၊ System ၊ Mother Law ( ဖွဲ့စည်းပုံအခြေခံဥပဒေ) အခိုင်အမာအဖြစ် မြန်မာ့နိုင်ငံရေးအတွင်း ချယ်လှယ်နေတော့သည်။ ထိုဥပဒေနှင့် တည်ထောင်ထားသော စနစ်ကို အားပြုကာ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်မှ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေသည့် ( နိုင်ငံတော်ဝါဒ) ဖြင့် နေရာယူနေဆဲဖြစ်သည်။
နိုင်ငံရေး သမား၏ နိုင်ငံရေး နှင့် လူမျိုးရေး တည်ဆောက်ပုံ
မြန်မာ့နိုင်ငံရေးသမား အများစုသည် နိုင်ငံ၏ ပြဿာနာအရင်းအမြစ်ကို သိသော်လည်း အစိုးရ အရာရှိအဖြစ် ပါတီကိုယ်စားပြု၊ လူထုကိုယ်စားပြု ဝင်ရောက်ပြီးနောက်ပိုင်း စစ်တပ် ပုံဖော်သည့် အစိုးရ ယန္တရားအတိုင်း ပြုမှုနေသည်ကို တွေ့ရသည်။
စစ်တပ်၏ နိုင်ငံရေးကျော့ကွင်းအတွင်းမှ မိမိတို့လုပ်နိုင်သည်များကို စွမ်းဆောင်နေရသည် ဟူသော စွပ်စွဲချက်ကို ချေပနိုင်သည်ံ အာမခံချက်၊ အပြုအမူများ မတွေ့ရှိရသေးပါ။ ၂၀၁၀ ကာလ နောက်ပိုင်း နိုင်ငံရေးသမားများ၏ ဆောင်ရွက်ချက်၊ ပြုမူမှုများသည် ခေတ်သစ် အစိုးရ၏ မူအသစ်၊ နိုင်ငံအသစ်၊ System( ဒီမိုကရေစီ)၊ Mother Law (တပ်မတော်၏ ဖွဲ့စည်းပုံအခြေခံဉပဒေ) ကို လူထုအား အာရုံလွှဲပြီး စစ်တပ်၏ နိုင်ငံရေး ပုံဖော်မှုအတွင်း မသိမသာ ဆင်းသက်နေတော့သည်။
ထိုကာလအတွင်း စစ်တပ်နှင့်အပြိုင် တည်ဆောက်လာသည်မှာ ပြည်သူသည် အမိ၊ ပြည်သူသည်အဖ ဖြစ်ပြီး စစ်တပ်၏ အာဘော်အတိုင်း တိုင်းရင်းသားလူမျိုးစုများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။ ထိုကြောင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ၂၀၁၅ခုနှစ် ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၈ အဖြစ် ပြဌာန်းနိုင်ခဲ့သည်။
ရည်ရွယ်ချက်မှာ
(၁) တိုင်းရင်းသား လူမျိုးအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများ ရရှိစေရန်။
(၂) တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်အခြေခံ၍ ထာဝစဉ် အတူတကွ လက်တွဲ နေထိုင်ကြစေရန်။
(၃) တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်။
(၄) တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည် လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန်။
(၅) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်။
(၆) ဖွဲ့စည်းပုံအခြေခံဉပဒေပါ အခွင့်အရေးများကို တိုင်းရင်းသားလူမျိုးရေး အပြည့်အဝ ရရှိစေရန် တို့ ဖြစ်သည်။
ထို ဥပဒေသည် အစိုးရယန္တယားအား ပုံဖော်နေသည့် သူများမှ တပ်မတော်အစိုးရ ပုံဖော်သည် ဥပဒေနှင့် စင်ပြိုင် တည်ထောင်သည့် ဥပဒေသာ ဖြစ်သည်။ ကျောရိုးမှာ တပ်မတော်၏ အာဘော်နှင့် မထူးမခြားမနားဘဲ စာအရေးအသားနှင့် အကြောင်းအရာ သာ တိုးလာသည်။
ထို့ပြင် လူအဖွဲ့အစည်းအား တိုင်းရင်းသား၊ နိုင်ငံသား ခွဲခြားဆက်ဆံကာ တိုင်းရင်းသားများသာ တန်းတူအခွင့်အရေးရနိုင်ပြီး နိုင်ငံသား (နိုင် ( တိုင်းရင်းသားမဟုတ်သူ)၊ ပြု ( ပြည်တွင်းမွေး နိုင်ငံခြားသား) ၊ ဧည့် (ပြည်တွင်းမွေး နိုင်ငံခြားသား) များ အခွင့်အရေးခံစားခွင့် မရှိကြောင်း ထို ဥပဒေ၏ အခန်း(၁) အမည်နှင့်အဓိပ္ပာယ် ဖော်ပြချက် ပုဒ်မ ၂ တွင် အတိအလင်း ဖော်ပြထားသည်။
ပင်ရင်းနိုင်ငံအဖြစ် စဉ်ဆက်မပြတ်နေထိုင်လာကြသူများ (တရုတ်၊ အိန္ဒိယ၊ ဉရောပအနွယ်) မှာ ယနေ့အချိန်အထိ နိုင်ငံခြားသားအဖြစ်ယူဆကာ အတုအယောင် Mother Law ၏ နိုင်ငံသားအားလုံး တန်းတူညီမျှမှုကို ချိုးဖောက် ဆန့်ကျင်ကာ မိမိတို့လိုလားသော တိုင်းရင်းသားများကိုသာ ဉီးစားပေးမည်ကို သဘောသက်ရောက်နေသည်။
အမှန်တကယ် ထို ဥပဒေ အကောင်အထည်ဖော်သည့် ကာလအတွင်း (ကိုးကန့် (တရုတ်ရောနှောနေပုံ ပြဿနာ)၊ (လုပ်)ကမန်၊ မုန်းဝန်းဗမာ (တိုင်းရင်းသားမဟုတ်)၊ ရိုဟင်ဂျာ (တိုင်းရင်းသားမဟုတ် ၊အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း)၊ မြိုခမီ( လူမျိုး၂မျိုးအား ၁မျိုးဖြင့် မဲရရန် ကြိုးပမ်းပုံ) နှင့် မော်ကင်း (စစ်တပ်မှ ယင်းတို့နေထိုင်ရာ နေရာများ သိမ်းယူ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း)တို့အရေး ကိုင်တွယ်ဖြေရှင်းပုံများသည် တပ်မတော်၏ အာဘော်အတိုင်း လိုက်နာနေပုံ ဆောင်စေသည်။
ထို့ကြောင့် တိုင်းရင်းသားဖြစ်မှသာ အခွင့်အရေးရမည်ကို ဉီးတည်ကာ တိုင်းရင်းသားဖြစ်ခွင့် ကြိုးစားသူများအား ပြန်လည် ကန့်ကွက်နေသည်အပြင် ထိုတိုင်းရင်းသား (ဗမာမဟုတ်သူများကို) ပြန်လည် ဒုက္ခပေးနေသည်မှာ စစ်တပ်၊ အစိုးရ အဖွဲ့တို့၏ အမှတ်လက္ခဏာ ဖြစ်လာကြသည်။ လူ့အဖွဲ့အစည်းမှလည်း မိမိလိုလားသော အစိုးရ၏ အာဘော်အတိုင်း လိုက်နာ ကျင့်သုံးနေသည့် ပုံစံမှာ စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။
စင်စစ် ထို နိုင်ငံရေး စနစ် ၂ ခုလုံးမှ တည်ဆောက်ထားသော ဥပဒေ၂ ခုလုံးသည် နိုင်ငံတော်၏ နိုင်ငံအရေးကို တိုင်းရင်းသား ပေါင်းစုံပါဝင်မှုကို အခြေခံသည့် နိုင်ငံရေးပေါ်လစီ အတုအယောင်၊ စနစ်ကို တွေ့မြင်ရပြီး အမှန်တကယ် လူ့အဖွဲ့အစည်းအား အာမခံချက်ပေးကာ အကျိုးပြုပေးနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုကား မတည်ဆောင်ပေးနိုင်ကြပါ။ ယင်းတို့ တည်ဆောက်သော အခြေခံဥပဒေ ယင်းတို့ အစိုးရစနစ် တည်မြဲရေးကို ဉီးစားပေးနေ သောကြောင့် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်သော ထိုစနစ် ၂ ခုလုံးသည် မြန်မာ့အသိုင်းအဝိုင်းမှ ကျင့်သုံးနေကြသော မတူကွဲပြားသည့်လူမှုရေးစနစ်များမှာ ၁။ ကျား ဦးစား ပေးသော(ဖဘက်လိုက်) စနစ်၊(၂) မဦးစားပေးသော(မိဘက်လိုက်) စနစ်၊(၃) အမိအဘနှစ် ဘက်မျိုး နွယ် ပါဝင်သောအိမ်ထောင်စုကြီးစနစ်(Extended Family system) (၄) အဖမျိုးရိုးဘက်သို့ မျိုးဆက်ရ သောစနစ်၊(၅) အမိမျိုးရိုးဘက်သို့မျိုးဆက်ရသောစနစ်၊ (၆) Nomadic life (hunter gather lifestyle) ကျင့်သုံးသောစနစ်(ဥပမာ-မော်ကင်းများမှာ မြန်မာပြည်၏ ထူးခြား သောဝိသေသပြု သည့်လူမှုရေး စနစ်များ) ကို အခြေခံသော ဖွဲ့စည်းပုံအခြေခံ ဉပဒေနှင့် နိုင်ငံသား များဖြင့် ဖွဲ့စည်းထားသည့် အစိုးရ ယန္တရား မဖော်ဆောင်နိုင်၍ ဖြစ်သည်။
ယင်းအထက်ပါ တင်ပြထားသော လူမှုရေးစနစ်ပါသော လူ့အဖွဲ့အစည်း၏ customary law များပါဝင်သည့်ဥပဒေ၊ နည်းဥပဒေများ၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်များ (self-determination) များ၊ Tabooများ မပါဝင်ခြင်း၊ လူဦးရေ(၅၀၀၀)အထက်မရှိသော လူမျိုးများ ကာကွယ်မှုများအရေး တိမ်မြှပ်ကာ တပ်မတော်အစိုးရ၏ ပေးထားချက်အတိုင်း လိုက်နာ ဆောင်ရွက်နေမှုသည် မြန်မာ့နိုင်ငံရေး၏ စရိုက်လက္ခာဏာ အသွင်အပြင်ဖြစ်နေပါတော့သည်။
ထို political structure များအား ချေဖျက် အစားထိုး နိုင်မှသာ မူအသစ်၊ စနစ်အသစ်၊ နိုင်ငံတော်အသစ် တည်ဆောက်နိုင်မည်။ ထိုမဟုတ်ပါက လူသာပြောင်းသွားသော ဝင်ကစွပ်နိုင်ငံ ပုံဖော်မှုသာ ဖြစ်နေတော့မည်။