ကရင်ပြည်နယ် မြဝတီမြို့မှ ကော့ကရိတ်မြို့သို့ဆက်သွယ်ဖောက်လုပ်ထားသည့် မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ပြီးခဲ့သည့် စက်တင်ဘာလ (၂၄) ရက်နေ့က ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်း တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း KNU နှင့် နီးပစ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲသို့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ KNU တပ်မဟာ (၆) နှင့် တပ်မဟာ (၇) မှ ခေါင်းဆောင်များ၊ ကရင်နယ်ခြားစောင့်တပ် (BGF) မှခေါင်းဆောင်များ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – (PC) တို့မှခေါင်းဆောင်များတက်ရောက်ခဲ့ကြကြောင်း KNU နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“ကရင့်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေတွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်။ အဓိကက မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်ကို ပြန်ဖွင့်မယ်၊ မဖွင့်ဘူးဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တစုံတရာချမှတ်တာမျိုးတော့ မရှိသေးဘူးလို့ သိရတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အဆိုပါ မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်အား ပြန်လည်ဖွင့်လှစ်နိုင်ရန်နိုင်အတွက် ထိုင်းနိုင်ငံဘက်က ဆန္ဒရှိနေကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်အား ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် မြန်မာနှင့်ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း ထိုင်းနိုင်ငံရေးဝန်ကြီး မာရစ် ဆမ်ဂျီယမ်ပွန်ဆာ (Maris Sangiampongsa) ကလည်း ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ့က ပြောဆိုထားကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖေါ်ပြထားချက်အရ သိရသည်။
အာရှအဝေးပြေးလမ်းလမ်းမ (AH – 1) ၏ အစိတ်အပိုင်းတွင်ပါဝင်နေသည့် အဆိုပါ မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိခိုက်ပျက်ဆီးမှုများရှိခဲ့သည့် နေရာများအား ပြန်လည်ပြင်ဆင်တည်ဆောက်နိုင်ရန်အတွက် အာဆီယံနိုင်ငံများ နှင့် အိန္ဒိယနိုင်ငံ၏ထောက်ခံမှုကိုလည်းရရှိထားကြောင်း မာရစ် ဆမ်ဂျီယမ်ပွန်ဆာ က ပြောဆိုထားသည်။
ထိုကြောင့်လည်း မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ပါဝင်နေသော အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ထိုင်းအစိုးရဘက်က ဆန္ဒရှိနေကြောင်းလည်း ၎င်းကဆိုသည်။ ထို့အပြင် ယင်း ကရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးမှုများမလုပ်ဆောင်မီရက်ပိုင်းက ထိုင်းနိုင်ငံမှ ကုန်သည်ကြီးများနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့သေးကြောင်းလည်း ထိုင်းနိုင်ငံဘက်မှလာသည့်သတင်းများအရ သိရသည်။
ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းအချိန်က အဆိုပါ မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်တွင် စစ်ကောင်စီတပ်နှင့် KNU/KNLA/KNDO/PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယင်း မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်အား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့သည်။
Photo- မြဝတီ – ကော့ကရိတ်အာရှလမ်း
စီးပွားရေး
မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်
ပြန်လည်ဖွင့်လှစ်နိုင်ရေး
ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ
တွေ့ဆုံဆွေးနွေး