ရေးမြို့နယ် အစင်ကျေးရွာ ဓမင်းဆိပ်ရပ်တွင် ပင်လယ်ပြင်မှပြန်ဝင်လာသည့် ငါးဖမ်းလှေမှ လှေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရပြီး တစ်ဦးသေဆုံးထားကြောင်း ဒေသခံများထံမှသိရသည်။
လွန်ခဲ့သည့်အပတ်က ကျိုက္ခမီမြို့အနီးပင်လယ်ပြင်အတွင်း ငါးဖမ်းပြီးနောက် အစင်ကျေးရွာ ဓမင်းဆိပ်ရပ်သို့ပြန်လည်ဝင်လာသည့် ငါးဖမ်းစက်လှေတစ်စီးပေါ်တွင် လှေလုပ်သားများ ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ပွားနေကြပြီး လှေသားတစ်ဦး သေဆုံးကာ (၃) ဦးထက်မနည်း ရောဂါခံစားနေကြရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ကျိုက္ခမီပင်လယ်ပြင်က လှေလုပ်သားတွေ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ကြတော့ စက်တင်ဘာလ (၁၇) ရက်နေ့က ညနေပိုင်းမှာ ကျိုက္ခမီကို လှေဝင်ခွင့်မရလို့ အစင်ကျေးရွာဘက်က ဓမင်းဆိပ်ကနေ လှေဝင်လာပြီးတော့ ကမ်းပေါ်တက်လာကြတာ။ အဲ့ဒီလှေမှာက လှေသား (၄) ဦးက ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်နေကြတယ်။ အဲ့ဒီထဲကမှ တစ်ဦးက ညနေ (၅) နာရီလောက်မှ ဆုံးသွားတယ်။ ကျန်တဲ့ (၃) ဦးကိုတော့ ရေးခရိုင်ပြည်သူ့ဆေးရုံကို တင်သွားတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
လက်ရှိတွင်လည်း အဆိုပါ ငါးဖမ်းလှေ ဝင်ရောက်လာခဲ့သည့် အပိုင်းကို အသွားအလာကန့်သတ်ထားပြီး သက်ဆိုင်ရာကျန်းမာရေးဌာနမှ စောင့်ကြည့်စစ်ဆေးမှုများလုပ်ဆောင်ထားကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။
ယခုစက်တင်ဘာလ ပထမအပတ်ကတည်းကပင် ကျိုက္ခမီမြို့အနီး ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေတချို့နှင့် ကျားဖောင်တချို့ရှိ လှေလုပ်သားများတွင် ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်ဖြစ်ပွားခဲ့ရာ စက်တင်ဘာလ (၁၀) ရက်နေ့တွင် လှေလုပ်သား (၄) ဦးနှင့် စက်တင်ဘာလ (၁၅) ရက်နေ့တွင် လှေလုပ်သား (၂) ဦး စုစုပေါင်း (၆) ဦးသေဆုံးခဲ့ကာ ကျိုက္မမီမြို့ဆေးရုံတွင် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ဆေးကုသမှုခံယူနေရသူ လှေလုပ်သားပေါင်း (၁၅) ဦးကျော်ရှိခဲ့သည့်ပြင် လှေလုပ်သား (၈၀) ကျော်ကိုလည်း စောင့်ကြည့်နေရသည့် အခြေအနေမျိုးအထိ ဖြစ်ပွားခဲ့သည်။
သို့သော်လည်း စက်တင်ဘာလ စတုတ္ထအပတ်အတွင်းတွင် ရောဂါကူးစက်ဖြစ်ပွားမှုမရှိတော့ဘဲ လတ်တလော ကျိုက္ခမီဆေးရုံတွင် ဆေးကုသမှုခံယူနေရသူ လှေလုပ်သား (၁) ဦးတည်းသာကျန်ရှိတော့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ကျိုက္ခမီပင်လယ်ပြင်ရှိ ငါးဖမ်းစက်လှေများ၊ ကျားဖောင်များသို့ ပို့ဆောင်ပေးနေသည့် ကဲ့လှေများဖြင့် တင်ဆောင်သွားသော သောက်ရေ နှင့် ရေခဲများ မသန့်ရှင်းရာမှ ဝမ်းပျက်ဝမ်းလျောရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်ပေါ်ခဲ့သည်ဟု သုံးသပ်ထားကြောင်းလည်း သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားထားချက်အရ သိရသည်။
Photo-မွန်ပင်လယ်ပြင်နှင့် ငါးဖမ်းလှေ