ရေးမြို့နယ်တောင်ပိုင်းတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ဒေသခံတို့၏ မော်တော်ယာဥ်များကို ချောဆွဲခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။
လာမည့်အောက်တိုဘာ (၁) ရက်နေ့မှစ၍ သန်းခေါင်စာရင်းကောက်ယူနေသည့် ကာလအတွင်း အသုံးပြုနိုင်ရန် သက်ဆိုင်ရာကျေးရွာများမှ မဖြစ်မနေစီစဥ်ပေးရန် မြို့နယ်လဝကအဖွဲ့က သက်ဆိုင်ရာကျေးရွာအကြီးအကဲများမှတဆင့် ချောဆွဲခိုင်းခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
၄င်းက “ရေးတောင်ပိုင်း ခေါဇာ၊ ကဗျာ၊ ကဗျာဝအတွက်ကား ၅ စီး စီစဥ်ထားခိုင်းတယ်၊ ရွာကဘဲ ကားစီစဥ်ပေးမလား၊ ကားတွေကဘဲ အလှည့်ကျသွားမလားပေါ့၊ လိုင်စင်ကားတွေရော ဝစ်သောက်စ်ကားတွေအကုန်လုံး စာရင်းလုပ်ထားတာ ရှိတယ်၊ ကားပိုင်ရှင်တွေအားလုံး စုပေါင်းတာဝန်ယူပေးရမယ်လို့ မြို့နယ်က ပြောလာတယ်” ဟု ဆိုသည်။
အစိုးရဝန်ထမ်းများကို တင်ဆောင်ရသဖြင့် တိုက်ပွဲဖြစ်ပွား၍လည်းကောင်း၊ မိုင်းထောင်ဖောက်ခွဲ၍လည်းကောင်း အန္တရယ်များစိုးရိမ်နေရသည့်အခြေအနေအောက်တွင် ကားပိုင်ရှင်များအနေဖြင့် လူလည်းသေနိုင်ပြီး ကားလည်းဆုံးရှုံးနိုင်သည့်အခြေအနေတွင်ရှိနေသဖြင့် မော်တော်ယာဥ်ချောဆွဲမခံရလေအောင် နည်းလမ်းရှာဖွေနေကြရသည်ဟု သိရသည်။
“လဝကဝန်ထမ်း၊ စစ်တပ်၊ ရဲတွေလုံခြုံရေးပါမယ် တော်လှန်ရေးအဖွဲ့တွေရဲ့အကြိုက်ဘဲ မိုင်းခွဲချင်ခွဲမယ် စနိုက်ဘာနဲ့ချောင်းပစ်ချင်ပစ်မယ်၊ ရင်ဆိုင်တိုက်ပွဲဖြစ်ချင်ဖြစ်မယ်၊ ဒီလိုအခြေအနေအောက်မှာ ကျနော်တို့လို ကားသမားတွေအဖို့ အရမ်းအန္တရယ်များတယ်၊ ဘယ်လိုလုပ်ရမှန်း မသိတော့ပါဘူးဗျာ” ဟု ခေါဇာမြို့နေ ကားပိုင်ရှင်တစ်ဦးက ပြောသည်။
တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏နောက်ဆုံးထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲအတွက် အဓိကဆောင်ရွက်ချက်ဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ကူညီသူများကို အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးအပြင် နည်းမျိုးစုံဖြင့် တားမြစ်သွားမည်ဟု ပြောဆိုထားသည်။
မွန်ပြည်နယ်အတွင်း တော်လှန်ရေးအားကောင်းသည့်ဒေသများဖြစ်သော ရေး၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တို့တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ လုံခြုံရေးအင်အား အများအပြားအသုံးပြုကာ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
Photo-ရေးခရိုင် ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူရေးသင်တန်း (Social Media)