သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် ထပ်မံဖမ်းဆီးခံခဲ့ရပြီး လက်ရှိမှာ ဖမ်းဆီးခံခဲ့ရသူပေါင်း (၁၁) ဦးအထိရှိလာပြီးဖြစ်ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၂) ရက်နေ့ညပိုင်းက သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် (၂) ဦးထပ်မံအဖမ်းခံလိုက်ရကြောင်း သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောကြားသည်။
“စက်တင်ဘာလ (၂၂) ရက်နေ့ညပိုင်းက အဖမ်းခံလိုက်ရတဲ့သူနှစ်ယောက်မှာ တစ်ယောက်က ကိုးနဝင်းရပ်ကွက်က၊ နောက်တစ်ယောက်က ကြံ့ခိုင်ရေးရပ်ကွက်ကလို့ သိရတယ်။ စစ်ကောင်စီတပ်အင်အားအလုံးအရင်းနဲ့လာဖမ်းသွားတာ’ ဟု ၎င်းမြို့ခံ ဆက်လက်ပြောကြားသည်။
စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီးသွားသည့် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် (၂) ဦးကိုလည်း ဝဲကလိတပ်နယ်ရှိ စစ်ကြောရေးတွင် စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု ကြားသိရကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။
သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီကယ်ဆယ်ရေးအသင်းမှ အသင်းဥက္ကဌဖြစ်သူ ဦးရဲမင်းထိုက် အပါအဝင် အသင်းဝင် (၅) ဦးအား ပြီးခဲ့သည့် စက်တင်ဘာလ (၁၈) ရက်နေ့က သံဖြုဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အသင်းရုံးတွင် စစ်ကောင်စီတပ်မှဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ (၂၁) ရက်နေ့တွင် သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်များမှ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင် (၄) ဦး ထပ်မံဖမ်းဆီးခြင်းခံခဲ့ရပြီး၊ စက်တင်ဘာလ (၂၂) ရက်နေ့တွင် အသင်းဝင် (၂) ဦး ထပ်မံဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ စုစုပေါင်း (၁၁) ဦးဖမ်းဆီးခံထားရကြောင်း သိရသည်။
ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များထံ သတင်းပေးခြင်း၊ လက်နက်နှင့် ရိက္ခာများ သယ်ဆောင်ပေးခြင်း စသည့်အကူအညီများပေးခဲ့သည့်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်ဟု စစ်ကောင်စီတယ်လီဂရမ်များက ရေးသားဖော်ပြသည်။
သံဖြူဇရပ်မြို့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင်များ ၁၅ ဦးတို့အား ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ပါဝင်ပတ်သက်ခြင်းမပြုရန် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလကတည်းက ခံဝန်ချုပ်ထိုးစေခဲ့ကြောင်း စစ်ကောင်စီဘက်က ဝါဒဖြန့်ထားသည်။
Photo- ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းမော်တော်ယာဥ်