မွန်ပြည်နယ်တွင် ပင်လယ်ကမ်းရိုးတန်းဒေသရှိ ရေလုပ်သားများမှတဆင့် ကူးစက်ပြန့်ပွားလာသော ဝမ်းလျှောရောဂါသည် ယခုအခါ မြို့ပေါ်သို့ ရောက်ရှိလာပြီဖြစ်ရာ သက်ဆိုင်ရာ ကျန်းမာရေးဌာနများအနေဖြင့် ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးမှုနှင့် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား စီမံဆောင်ရွက်ပေးသင့်ကြောင်း လူမှုရေးအသင်း လှုပ်ရှားသူများက ပြောကြားသည်။
ဝမ်းပျက်ဝမ်းလျှော (ဝါ) ကာလဝမ်းရောဂါသည် ယင်ကောင်များမှတဆင့် လျင်မြန်စွာကူးစက်နိုင်ပြီး မသန့်ရှင်းသော ပတ်ဝန်းကျင်မှာ အဖြစ်များသလို ပင်လယ်စာ၊ ကမာကောင်များကို အစိမ်းစားခြင်း သို့မဟုတ် မကျက်တကျက်စားခြင်းက ရောဂါပိုးဝင်ရောက်နိုင်ခြေများကြောင်း သိရသည်။
သံဖြူဇရပ်မြို့မှ လူမှုရေးအသင်းဝင်တစ်ဦးက”ကျိုက်ခမီမှာ ပင်လယ်ရေလုပ်ငန်းကတဆင့် ခုဆို မြို့ပေါ်အထိ ဝမ်းရောဂါက မြို့ပေါ်အထိ ကူးစက်လာပြီ၊ ခုဆို ရေးမြို့နယ်ဘက်မှာလည်းဘဲ အပင်လယ်နားနီးတဲ့ဒေသတွေမှာ ရေလုပ်သားတွေကတဆင့် ရောဂါဖြစ်လာသလို ခုဆို မြို့ပေါ်ရပ်ကွကတွေမှာပါ အရေးပေါ်ကုသခံနေရသူတွေရှိလာနေပြီ၊ ခေတ်ဆိုးကြီးမှာ ကပ်ရောဂါလို ဖြစ်မလာဖို့ တာဝန်ရှိသူတွေ ကြပ်မတ်ပြီးတော့ ပြင်ဆင်သင့်နေပြီ” ဟု ပြောကြားသည်။
သံဖြူဇရပ်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ရေလုပ်သား ၆ ဦး သေဆုံးခဲ့ရကြောင်း၊ အဆိုပါ ဝမ်းပျက်ဝမ််းလျှော ရောဂါကြောင့် လူ ၁၅၀ ခန့် ဆေးရုံတက်ကုသခံခဲ့ရပြီး လက်ရှိတွင် ဆေးရုံပေါ်၌ လူနာများကျန်ရှိသေးသည်ဟု သိရသည်။
အဆိုပါ ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပျံ့ပွားမှုကြောင့် ကျိုက္ခမီမြို့တွင် စက်တင်ဘာလ ၁၀ ရက်နေ့မှစပြီး စားသောက်ဆိုင်များ၊ ထမင်းဆိုင်များအပါအဝင် လမ်းဘေးဈေးဆိုင်များ ယာယီပိတ်ထားရန် မြို့အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားချက်ထုတ်ခဲ့သည်။
”မွန်ပြည်နယ်တစ်ခွင််မှာ ကပ်ရောဂါပုံသဏ္ဍာန်တော့ မဖြစ်သေးပေမယ့် ကြိုတင်ကာကွယ်တာက ပိုထိရောက်မယ်၊ ပရဟိတအဖွဲ့တွေနဲ့ပေါင်းပြီးတော့ တာဝန်ရှိသူတွေက အကြောင်းအရင်း ရှာသင့်တယ်၊ ဓါတ်ခွဲတာတို့၊ သုံးရေတွေဆေးခပ်တာတို့အပြင် ဆိုင်တွေကိုလည်း ပညာပေးရတော့မယ်၊ ခု ရေးက အချို့ရွာတွေမှာ သူတို့အသိနဲ့သူတို့ လိုက်လံကြော်ငြာတာတွေ လုပ်နေတယ်ကြားတယ်၊ ကူးစက်မှုတွေကွင်းဆက်တွေမပြန့်အောင် ထိထိရောက်ရောက် လုပ်ပေးဖို့အကြံပေးလိုပါတယ် ” ဟု ရေးမြို့နယ်မှ ဆရာဝန်တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရန်ကုန်မြို့တွင် ကာလဝမ်းလျှောရောဂါဖြစ်ပွားခဲ့တာကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး ဆေးရုံတွင် နေရာမလုံလောက်မှုနှင့် ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့ခဲ့ရသည်။
Photo-ပင်လယ်ငါးဖမ်းလုပ်ငန်း