၁၉၅၂ ခုနှစ် ဖေဖော်ဝါရီ (၁၉) ရက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၌ မွန်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြပြီး “မွန်အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု” ကို စတင်ဖွဲ့စည်းကြသည်။
တက်ရောက်သောလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များမှာ
၁။ နိုင်အောင်ထွန်း၊ နိုင်ချမ်းမွန်(ကျိုက်ခမီ၊ သံဖြူဇရပ်နယ်မြေ)၊
၂။ နိုင်ငွေသိမ်း၊ နိုင်သိမ်းမောင် (ကော့ကရိတ်၊ ကျိုက်မရောနယ်မြေ)၊
၃။ နိုင်ထွန်းမောင် (ရေးမြို့နယ်)
၄။ ဗိုလ်ရာဇ (ကမာဝက်)၊
၅။ နိုင်စိန်ကျော့၊ ဗိုလ်ရွှေရိုင် (ကော့ဘိန်း)
၆။ ဗိုလ်လော (ရေးတောင်ပိုင်း)
၇။ ဖိုးမောင်၊ ဖိုးသောင် (ရေး-တောင်ပုံ)
ထို မွန်အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုအောက်တွင် စစ်ရေးနိုင်ငံရေးကောင်စီ ဖွဲ့စည်းထားရှိပြီး သီဟရာဇာ တပ်မဟာနှင့် ဟံသာတပ်မဟာ ဆိုသည့် တပ်မဟာနှစ်ခုကို ဖွဲ့စည်းခဲ့သည်။
သီဟရာဇာတပ်မဟာမှူး နိုင်ငွေသိမ်း (မွန်လူမျိုးရေးရာအဖွဲ့ချုပ်) နှင့် ဟံသာတပ်မဟာမှူး နိုင်ချမ်းမွန် (မွန်တိုင်းရင်းသားအစည်းအရုံး) တို့က ဦးစီး၍ တပ်မဟာတစ်ခုစီတွင် စစ်သားအင်အား ၅၀၀ ဝန်းကျင်ဖြင့် စုဖွဲ့လာခဲ့သည်။
တော်လှန်ရေးဒီရေအရှိန်ကောင်းလာသဖြင့် ဖဆပလအစိုးရတပ်ဖွဲ့များတွင် စစ်မှုထမ်းနေသူ မွန်များသည်လည်း မွန်တပ်ပေါင်းစုသို့ လက်နက်ချကာ အလင်းဝင်လာသူ အများအပြား ရှိလာခဲ့သည်။ မွန်အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု တစ်ခုလုံးတွင် လက်နက်များ အထိုက်အလျောက် ပြည့်စုံလာပြီး စစ်သားအင်အား တစ်ထောင်ကျော်ခန့် တိုက်ပွဲဝင် နိုင်ခဲ့သည်။
၁၉၅၃-ခုနှစ်တွင် ဖဆပလအစိုးရသည် ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် စုံစမ်းရေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံအရ လွှတ်တော်မှတဆင့် သံလွင်ခရိုင်ရှိ ဖာပွန်၊ သထုံခရိုင်ရှိ ဘားအံနှင့် လှိုင်းဘွဲ့၊ ကျိုက်ခမီခရိုင်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ တောင်ငူခရိုင်ရှိ သံတောင်မြို့နယ်များကို စုစည်းပြီး ကရင်ပြည်နယ်အဖြစ် ပြင်ဆင်သတ်မှတ်ပေးခဲ့သည်။ သို့ရာတွင် ဖဆပလအစိုးရသည် မွန်ပြည်နယ်ကိုမူ သတ်မှတ်ပေးခြင်းမပြုပေ။
ထို့ကြောင့် မွန်ပြည်သူလူထု၏ ဆန္ဒကို လျစ်လျူရှုပြီး မွန်ပြည်နယ် မပေးသည့် ဖဆပလ အစိုးရ၏ လုပ်ဆောင်ချက်ကို တုံ့ပြန်သောအားဖြင့် ၁၉၅၃-ခုနှစ် မတ်လ(၂၇)ရက်တွင် မွန်အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု ခေါင်းဆောင်တို့သည် ဝဲခမိဌာနချုပ်စခန်း၌ စည်းဝေးကြ၍ မွန်ပြည်နယ်ကို တည်ထောင်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကျေငြာခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့
ဥက္ကဌ နိုင်အောင်ထွန်း
ဒုဥက္ကဌ -နိုင်ထွန်းမောင်
နိုင်ငံခြားရေးဌာန နိုင်ငွေသိမ်း
ကာကွယ်ရေးဌာန နိုင်ရွှေကျင်
ပြည်ထဲရေးနှင့်တရားရေးဌာန နိုင်အောင်တင့်
ဘဏ္ဍာရေး နိုင်ဆိတ်နို့
အထွေထွေတာဝန်ခံ ဆရာဟို တို့ဖြစ်ကြသည်။
ထိုနောက် ကရင်အမျိုးသားအစိုးရလက်အောက်ရှိ ကော်သူးလေအုပ်ချုပ်ရေးအဖွဲ့ The Kawthoolei Governing Body- KGB ရုံးစိုက်ရာ ဖာပွန်မြို့သို့ မွန်ပြည်နယ်အစိုးရကိုယ်စားလှယ် နိုင်ရွှေကျင်၊ နိုင်သိမ်းမောင်၊ နိုင်ထွန်းခင်တို့ သွားရောက် တွေ့ဆုံဆွေးနွေးကြပြီးနောက် မွန်နှင့်ကရင်အစိုးရတို့ ၁၉၅၃ ခု ဇူလိုင်လ ၆ ရက်နေ့တွင် ပူးတွဲ ကျေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
မွန်တော်လှန်ရေးသည် အမျိုးသားလွတ်မြောက်ရေးအခန်းကိုသာ အဓိကဦးတည်၍ ကြိုးပမ်းခဲ့ကြရာမှာ ခေါင်းဆောင်မှုအပိုင်းတွင် လက်ဝဲနှင့် လက်ယာဝါဒရေးရာအရ အခြေခံမှစပြီး ကွဲပြားမှုရှိလာနေကြသည်ကို သတိမမူကြပေ။
လက်ဝဲလက်ယာ နိုင်ငံရေးအယူအဆမှသည် မဟာမိတ်ဆက်ဆံရေးအပြင် အရေးကြီးသည့် နိုင်ငံရေးအချိုးအကွေ့၊ အဆုံးအဖြတ်ပေးရာတွင် ညီညွတ်ရေးပြိုကွဲရသည့် ဖြစ်စဥ်များကိုလည်း ကြုံတွေ့ခဲ့ရသည်။
အထူးသဖြင့် အမေရိကန်သြဇာခံ KMT တရုတ်ဖြူတပ်ဖွဲ့များ မွန်တော်လှန်ရေးနယ်မြေသို့ ဝင်ရောက်လာသောအခါ မွန်ခေါင်းဆောင်များ အချင်းချင်းအကြား ညီညွတ်မှုစတင်ပြိုကွဲလာတော့သည်။ မူလက အုပ်စုအသွင်တိုက်ပွဲများမှာလည်း သိသိသာသာ ပြင်းထန်လာသည်။
နိုင်အောင်ထွန်း(ပင)နှင့် နိုင်ထွန်းမောင်(ကော့ဒွတ်)တို့ အုပ်စုသည် မစ္စတာယာပ်၏ KMT တပ်ဖွဲ့များနှင့် အနီးကပ်ဆက်ဆံနေကြသော်လည်း နိုင်ငွေသိမ်း၊ နိုင်သိမ်းမောင်၊ နိုင်ထွန်းသိန်း၊ နိုင်ရွှေကျင်တို့၏ မွန်လူမျိုးရေးရာအဖွဲ့(မလရ) ပါတီမှာ KMT များကို လက်မခံလိုကြပေ။
ရှမ်းပြည်နယ် မိုင်းဆတ်မြို့ရှိ KMT ဌာနချုပ်သို့ မွန်တပ်ဖွဲ့ဝင်များ စစ်ပညာသွားရောက်သင်ကြားရေးနှင့် လက်နက်များ ပြန်လည်သယ်ယူလာရန်ကိစ္စတွင် နိုင်ငွေသိမ်းတို့၏ သီဟရာဇာတပ်မဟာမှ ကန့်ကွက်၍ လူလည်းမလွှတ်ပေးသလို ရန်ပုံငွေလည်းထည့်ဝင်ခြင်း မပြုပေ။
ယင်းအခြေအနေအောက်တွင် မွန်ခေါင်းဆောင်များ၏ နိုင်ငံရေးအယူအဆတို့ကို ပါးနပ်စွာနားလည်ထားသော KMT ခေါင်းဆောင်တို့သည် သီဟရာဇာတပ်မဟာ နယ်မြေများကို ကွေ့ပတ်၍ ရှောင်ကွင်းသွားလာ လှုပ်ရှားလေ့ရှိသည်။
နိုင်ငွေသိမ်း ခေါင်းဆောင်သော သီဟရာဇာတပ်မဟာအနေဖြင့် KMT တို့၏လက်နက်ကို တိုက်ခိုက်လုယူ လိုကြောင်း အကြိမ်ကြိမ်တင်ပြခဲ့ရာ အကယ်၍ KMT ကို တိုက်ခိုက်မည်ဆိုပါက မွန်အချင်းချင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပေါ်လာမည့် အခြေအနေအထိ ရှိနိုင်သဖြင့် နိုင်ငံရေးအရ ဖြေရှင်းသွားရန် ညှိနှိုင်းဆုံးဖြတ် ခဲ့ကြသည်။
အချုပ်အားဖြင့် မွန်ခေါင်းဆောင်တို့သည် မွန်အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစုမှ မွန်ပြည်နယ်အစိုးရ ဖွဲ့စည်းခဲ့ပြီးနောက် ၁၉၅၅ နှစ်ဦးပိုင်းတွင် မွန်ပြည်သူ့တပ်ဦးကို ဆက်လက်ထူထောင်ခဲ့ပြန်ရာ မွန်ပြည်နယ်အစိုးရ အပိုင်းမှာ အလိုလိုမှေးမှိန်သွားလေသည်။ နောက်ပိုင်း မွန်တော်လှန်ရေးသမိုင်း မှတ်တမ်းများတွင် ဆက်လက်ရေးသား ဖော်ပြခဲ့သည်ကို မတွေ့ရပေ။
မွန်ပြည်သူ့တပ်ဦး၏ရည်ရွယ်ချက်မှာ မွန်ပြည်သူ့သမ္မတနိုင်ငံထူထောင်ရန်၊ လူမျိုးစုံသွေးစည်းညီညွတ်ရေးကိုတည်ဆောက်ရန်၊ ဒီမိုကရေစီအပြည့်အဝရရှိရန်နှင့် ထာဝစဥ်ငြိမ်းချမ်းရေးရရှိရန် ဖြစ်သည်။
ထို့ကြောင့် အတိတ်က မွန်တော်လှန်ရေးခေါင်းဆောင်များသည်လည်း ဖဆပလအစိုးရနှင့်အပြိုင် မွန်ပြည်နယ်အစိုးရတရပ်ကို ဖွဲ့စည်းခဲ့ဖူးကြောင်း မှတ်သားလေ့လာစရာအဖြစ် မွန်တော်လှန်ရေးသမိုင်းက မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
ကိုးကား
-မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း (နိုင်ထွန်းသိန်း)
-ဥက္ကဌကြီးနိုင်ရွှေကျင်နှင့် တော်လှန်ရေးသမား၊ ဒို့မွန်ကျောင်းသား (နိုင်ဖေသိန်းဇြာ)