သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူ အမျိုးသမီးနှင့်ခင်ပွန်းဖြစ်သူတို့နှစ်ဦးအား စက်တင်ဘာလ (၂၁) ရက်နေ့က ပြည်သူဘက်တော်သား UG အဖွဲ့ပစ်ခတ်ရှင်းလင်းခဲ့ဟု ဆိုသည်။
ထိုသထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူနှင့်ခင်ပွန်းဖြစ်သူတို့မှာ ပြည်သူများအား ချိန်းခြောက်ငွေညှစ်ခြင်း၊ စစ်ကောင်စီထံသို့ မမှန်မကန်သတင်းများပေးပို့ပြီး ဖမ်းဆီးခိုင်းခြင်း စသည့်အမှုများစွာကို ကျူးလွန်ခဲ့ပြီး အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာမှုမရှိသည့်အတွက်ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်သူဘက်တော်သား UGအဖွဲ့မှ ထုတ်ပြန်ကြေညာထားချက်အရ သိရသည်။
သထုံမြို့နယ် ဂေါ့ကျေးရွာနေတွင်နေထိုင်သည့် သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူ ဒေါ်သင်းသင်းမြတ် နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်ဟိန်း တို့နှစ်ဦးအား ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက် နံနက် (၁၀) နာရီအချိန်ခန့်က ၎င်းတို့နေအိမ်ရှေ့တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သူတို့နှစ်ဦး အိမ်ရှေ့မှာရှိနေတဲ့အချိန်မှာ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီးတော့ သေနတ်နဲ့ပစ်သတ်သွားတာလို့သိရတယ်။ နှစ်ယောက်လုံးအခင်းဖြစ်တဲ့နေရာမှာဘဲ ပွဲချင်းပြီးသေဆုံးခဲ့ကြတာပါ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် သထုံခရိုင်တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူနှင့် ခင်ပွန်းဖြစ်သူတို့၏ ရုပ်အလောင်းများအား ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သထုံခရိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူ မေလ (၁) ရက်နေ့က သထုံမြိုနယ် တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်လေးဇော် (ခ) ဦးဇော်လေး အသတ်ခံခဲ့ရသည့်ဖြစ်စဥ် ရှိခဲ့သည်။
စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့်နောက် (၂၀၂၄) ခုနှစ် စက်တင်ဘာလ (၆) ရက်နေ့အထိ မွန်ပြည်နယ်၌ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခံရသူပေါင်း (၁၈၉) ကျော်ရှိခဲ့ကြောင်း လဂွန်းအိမ်စစဉ် က စာရင်းပြုစုထားသည်။
လူ့အခွင့်အရေး
ပစ်ခတ်ရှင်းလင်း
သထုံခရိုင်တရားရုံး
ဌာနခွဲစာရေး
အမျိုးသမီးနှင့်ခင်ပွန်း