စစ်ကောင်စီအုပ်ချုပ်မှုအောက်တွင် ရှိနေကြသော အသက် ၃၅ နှစ်အထက်များအား ပြည်သူ့လုံခြုံရေး နှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ထဲသို့ အတင်းအကျပ်ထည့်သွင်းလျက်ရှိရာ အိမ်ထောင်ဦးစီးများအနေဖြင့် ရှောင်ပြေးဖို့အခက်တွေ့နေကြောင်း ချင်းမိုင်အခြေစိုက် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC အမှုဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်က သုံးသပ် ပြောဆိုလိုက်သည်။
ဒေါက်တာပညာမွန်က “စစ်မှုထမ်းဥပဒေမှာက အသက် ၁၈ ကနေ ၃၅ နှစ်အထိ လူငယ်တွေဖြစ်ပါတယ်၊ လူငယ်တွေအနေနဲ့ ရပ်ရွာကနေ ထွက်သွားပြီး တခြားနေရာကို ရှောင်သွားလို့ရတယ်၊ ထိုင်းဘက်ကို သွားလို့လည်းရတယ်၊ တော်လှန်ရေးအဖွဲ့ထဲ ဝင်လည်းရတယ်၊ အခု ပြည်သူ့လုံခြုံရေး ဥပဒေသစ်မှာက အသက် ၃၅ ကနေ ၆၀ အထိဆိုတော့ ဒီအသက်အရွယ်က သူတို့ဘယ်ကိုမှရှောင်သွားလို့ မရဘူးပေါ့နော်၊ ရှောင်ဖို့ခက်သွားပြီ၊ သူတို့မှာ အိမ်ထောင်ရှိတယ် ခလေးတွေရှိတယ် အစုံဘဲပေါ့လေ၊ ကျနော်တို့ရဲ့ မွန်ပြည်နယ် သက်သက်တော့မဟုတ်ဘူး တစ်နိုင်ငံလုံးပေါ့လေ” ဟု ပြောသည်။
မွန်ပြည်နယ်တွင် စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် အနည်းဆုံးလူ ၅၀ ဦးစီဖြင့် ဖွဲ့စည်းသွားရန် ခရိုင်အုပ်ချုပ်ရေးကောင်စီက ညွှန်ကြားထားသည်ဟု သိရသည်။
မော်လမြိုင်မြို့ခံတစ်ဦးက “ကျနော်တို့ မော်လမြိုင်မြို့ပေါ်က တချို့ရပ်ကွက်တွေမှာ အကြမ်းဖက်နှိမ်နင်းရေးဖွဲ့ဖို့ အစည်းအဝေးခေါ်တာမျိုးတော့ ရှိတယ်၊ မောင်ငံရပ်ကွက်လိုမျိုး သီရိမြိုင်ရပ်ကွက်လိုမျိုး မုပွန်တို့ ရွှေမြိုင်သီရိတို့ သာယာအေးတို့အစရှိတဲ့ လူများတဲ့ရပ်ကွက်တွေပေါ့နော် ထုံးစံအတိုင်းပေါ့လေ တစ်အိမ်ဘယ်လောက်နှုန်းထည့်ကြပေါ့၊ လူလိုလို့ခေါ်ရင် ဘာညာဆိုရင် လူစားထိုးပြီးပို့ပေးလို့ရအောင် ပိုက်ဆံတွေဘာတွေ ကောက်တာပြုတာ ရှိပါတယ်ခင်ဗျ”ဟု ပြောသည်။
မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရေး၊ ကျိုက်ထိုနှင့် သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ဖွဲ့စည်းသွားရန် လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအား အတင်းအကျပ် ဖိအားပေး၍ အကောင်အထည်ဖော်လျက်ရှိကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။
သို့ရာတွင် စစ်ကောင်စီဖွဲ့စည်းနေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွင် လိုက်နာဆောင်ရွက်ခြင်းမပြုရန်၊ ပူးပေါင်းပါဝင်သွားမည့်သူကို အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP(AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့က ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားကြသည်။
Photo-စစ်သင်တန်း