ရေးခရိုင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးသင်တန်းဖွင့်ပွဲ၌ လူအင်အားမပြည့်သောကြောင့် ရေးမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးအား စကခ (၁၉) မှ တပ်မမှူးက ဆူပူကြိမ်းမောင်းပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အသက် ၃၅ နှစ်အထက် ယောကျ်ားအယောက် ၅၀ တို့ဖြင့် သက်ဆိုင်ရာ ကျေးအုပ်အုပ်စုအလိုက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ဖွဲ့စည်းသွားရန် သက်ဆိုင်ရာမှ ညွှန်ကြားထားသော်လည်း လူရှာမရသဖြင့် စက်တင်ဘာ ၁၆ ရက်နေ့က ကျင်းပသည့်သင်တန်းဖွင့်ပွဲ၌ တပ်မမှူးက အုပ်ချုပ်ရေးမှူးများအား ဒေါသတကြီး ဆူပူကြိမ်းမောင်းသွားသည်ဟု တက်ရောက်နားထောင်ခဲ့သူ လမိုင်းမြို့မ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၄င်းက “ရေးတပ်နယ်ထဲ လုပ်တဲ့အစည်းဝေးမှာ တပ်မမှူးက ခရိုင် မြို့နယ် ရပ်ကျေးအုပ်မှူးတွေကို လူရှာမရလို့ အချုပ်ထဲတောင် ထည့်ခိုင်းပြီး တော်လှန်ရေးတွေ လာတိုက်ရင် တို့တပ်မတော်က ဆုတ်ပေးလိုက်ရုံပဲ၊ မင်းတို့ရေးမြို့ပဲ လွိုင်ကော်လိုဖြစ်သွားမယ်တဲ့ အဲလိုကြိမ်းမောင်းပြောဆိုခဲ့တာ” ဟု ပြောသည်။
ရက်သတ္တနှစ်ပတ်ကြာခန့် ဖွင့်လှစ်နေသည့် အဆိုပါ သင်တန်းကို ရေးမြို့ပေါ် ၉ ရပ်ကွက်၊ အစင်၊ အဘော်၊ ချောင်းတောင်၊ ဟံဂံကျေးရွာမှ အသက် ၃၅ နှစ် ၆၅ နှစ်ကြား အမျိုးသားများ တက်ရောက်နေကြောင်း၊ သို့ရာတွင် အရေအတွက်ကို မသိရကြောင်း အဆိုပါ ဖွင့်ပွဲအခမ်းအနားတက်ရောက်သူ လမိုင်းမြို့မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ကျနော်တို့ လမိုင်းမြို့မှာ စစ်တပ်၊ ရဲတို့ဆိုတာ သူတို့လုံခြုံရေးတောင် သူတို့ယူဖို့က အနိုင်နိုင်ပဲ၊ ကျနော်တို့က သူခိုးဓါးမြရန်ကို ကာကွယ်ဖို့ဆိုပြီး မြို့လုံခြုံရေးကို မိမိအစီအစဥ်နဲ့ဖွဲ့စည်းပြီး နေလာခဲ့တာ ကြာပြီပဲ၊ ဒါကြောင့် အခုလုံခြုံရေးအဖွဲ့မှာ ကျနော်တို့မှာရှိနေပြီးသား စာရင်းကိုပြပေးလိုက်တာပဲ၊ အဖွဲ့ရှိနေပြီးသားပါ” ဟု ၄င်းက ဆိုသည်။
သို့ရာတွင် လမိုင်းတိုက်နယ်အတွင်းမှ နှစ်ကရင်၊ မော့ကနင်၊ ကော့ဒွတ်၊ သောင်ပြင်ကျေးရွာများတွင် မွန်တော်လှန်ရေးအဖွဲ့များနှင့် PDF များ သွားလာလှုပ်ရှားနေသည့်အပြင် လူရှာမရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ဖွဲ့စည်းပေးနိုင်စွမ်းမရှိကြောင်း သိရသည်။
တစ်ဘက်တွင်လည်း စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်ရေးအဖွဲ့တွင် ပူးပေါင်းပါဝင်ခြင်းမပြုလုပ်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန (MSFC- DoD)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ ကြေညာချက်အသီးသီး ထုတ်ပြန်ထားပြီး ပူးပေါင်းပါဝင်သူများကို ပြတ်သားစွာ အရေးယူသွားမည်ဖြစ်ကြောင်း သတိပေးထားသည်။
Photo- ပြည်သူစစ်သင်တန်း (ပုံဟောင်း)
လူ့အခွင့်အရေး
ရေးခရိုင်
ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့
လူအင်အားမပြည့်
အုပ်ချုပ်ရေးမှူး
တပ်နယ်မှူး
ဆူပူကြိမ်းမောင်းပြောဆို